ပြီးခဲ့သည့် ဇွန် ၁၀ ရက်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် MPT Myanmar National League 2018 ပွဲစဉ် ၁၅ ပွဲစဉ်တစ်ပွဲဖြစ်သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ပွဲချိန်အတွင်းနှင့် ပွဲအပြီးတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ယနေ့ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်သည်။
အဆိုပါ ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီးမှ ပြစ်ဒဏ်များကို ချမှတ်လိုက်ခြင်း ဖြစ်သည်။
(က) အိမ်ရှင် ရန်ကုန်ယူနိုက်တက် အသင်းအား MPT Myanmar National League I & II Regulations 2018 ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းအပိုဒ် ၆ (က)နှင့် (ဆ) တို့ကို ကျူးလွန်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၅) အရ ဒဏ်ကြေးငွေ ကျပ် (၁၀၀၀၀၀၀) တစ်ဆယ်သိန်း ပေးဆောင်ရန်။
(ခ) ရန်ကုန်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်းသည် မတ်လ ၃ ရက်က ယှဉ်ပြိုင်ခဲ့သည့် မကွေးအသင်းနှင့် ပွဲတွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သောကြောင့် အရေးယူ ခံခဲ့ရပြီး ကွင်းအတွင်း နှစ်ပွဲဝင်ရောက်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၅၀၀၀၀၀) ငါးသိန်း ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါသည်။ ယခု ဧရာဝတီ ယူနိုက်တက်နှင့် ပွဲတွင်လည်း ထပ်မံ၍ ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းအပိုဒ် ၇ (က) (ဃ) (ဆ) တို့ကို ကျူးလွန်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၄ အရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဘောလုံးပြိုင်ပွဲများ၏ အနီးစပ်ဆုံး (၃)ပွဲ ကွင်းအတွင်း ဝင်ရောက် ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၆၀၀၀၀၀) ခြောက်သိန်း ပေးဆောင်ရန်။
(ဂ) ရန်ကုန်ယူနိုက်တက် အသင်းမှ ကျောနံပါတ် ၁၅ ဆိုင်လာသည် ပြိုင်ပွဲအပြီး ကွင်းအတွင်းမှ ပြန်ထွက်လာချိန်တွင် မှတ်တမ်းဒိုင်လူကြီးအား ဆဲဆိုခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ခံ၏ တင်ပြချက်နှင့် ဗီဒီယို မှတ်တမ်းအရ စိစစ်တွေ့ရှိရသဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၀ အရ အနီးစပ်ဆုံး (၃) ပွဲ ဝင်ရောက်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၃၀၀၀၀၀) သုံးသိန်း ပေးဆောင်ရန်။
(ဃ) ကွင်းလယ်ဒိုင်လူကြီး ဦးကျော်ဇောလွင် အနေဖြင့် ၎င်းအား ကစားသမားများ၏ ကိုယ်ထိလက်ရောက် စောဒကတက်မှုကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှု အားနည်းသည်ကို တွေ့ရှိရသဖြင့် နောက်နောင် အလားတူ မဖြစ်စေရေးအတွက် ဒိုင်လူကြီးဌာနမှ လိုအပ်သလို အရေးယူဆောင်ရွက်သွား နိုင်ပါရန်။
ဆက်စပ်သတင်း