နာမည်ကြီး ရန်ကုန်ယူနိုက်တက် ကတော့ ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂျီအက်ဖ်အေ အသင်းကို အသည်းအသန် ကစားခဲ့ရပြီး ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် (၂-၀) ဂိုးနဲ့ အနိုင်ရကာ သုံးနှစ်ဆက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ရန်ကုန်အသင်း နည်းပြချုပ် ဦးမျိုးမင်းထွန်း အနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကို ကြီးကြပ်နိုင်ခဲ့ခြင်း မရှိတဲ့အတွက် လက်ထောက်နည်းပြ ဦးတင်မောင်ထွန်းက အသင်းကို ဦးဆောင်လာခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်ရှိတဲ့ ဆိုင်လာ နေရာမှာ လူငယ် တိုက်စစ်မှူး အီစိုးကို အသုံးပြုကာ ဂျီအက်ဖ်အေကို ရင်ဆိုင်ခဲ့ပါတယ်။ ဂျီအက်ဖ်အေ အသင်းကလည်း သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို နိုင်ငံခြားကစားသမား သုံးဦးနဲ့ တွဲဖက်ပြီး ရန်ကုန်ကို ရင်ဆိုင်ခဲ့ပါတယ်။
လိဂ်ပြိုင်ပွဲမှာ နှစ်ကျော့လုံး ဂိုးပြတ်ရှုံးထားပေမယ့် ဒီပွဲမှာ ဂျီအက်ဖ်အေက ရန်ကုန်ကို ရှိန်မနေပဲ ရဲရဲဝံ့ဝံ့ တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ရန်ကုန်အနေနဲ့ အခက်တွေ့ခဲ့ရပါတယ်။ ရန်ကုန်ရဲ့ အထနှေးမှုကို အခွင့်ကောင်းယူခဲ့တဲ့ ဂျီအက်ဖ်အေရဲ့ တိုက်စစ်ဆင်မှုတွေက ထိရောက်ခဲ့ပြီး ပထမပိုင်း တစ်လျှောက်မှာ ဂိုးသွင်းခွင့် သုံးကြိမ်ထက်မနည်း ဖန်တီးနိုင်ခဲ့ပေမယ့် ရန်ကုန်ဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာရယ် တိုက်စစ်ပိုင်း လွဲချော်မှုတွေရယ်ကြောင့်သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ကတော့ ပထပိုင်း တစ်ပိုင်းလုံးမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု ဆိုလို့ ပွဲချိန် ၁၅ မိနစ်ခန့်က အီမန်နျူရယ်ရဲ့ ကန်သွင်းချက် တစ်ကြိမ်သာ ရှိခဲ့ပြီး ဒီကန်ချက်ကလည်း ဂိုးရဖို့ နီးစပ်ခဲ့တာကို တွေ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ဂျီအက်ဖ်အေက ကစားရှိန်ကို ချခဲ့ပြီး သရေရလဒ်ကို ထိန်းဖို့ ကြိုးစားလာခဲ့ပါတယ်။ ရန်ကုန်ကတော့ ပိုမိုတိုက်စစ်ဆင်လာခဲ့ပြီး ဂိုးရဖို့ အစွမ်းကုန် အားထုတ်လာခဲ့ပါတယ်။ ဒါကြောင့်ပွဲ ပွဲချိန် ၅၃ မိနစ် အရောက်မှာတော့ ဂျီအက်ဖ်အေ ဂိုးသမား အမှားကနေ အီစိုးက အသည်းအသန် ပိတ်သွင်းပြီး ရန်ကုန်အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ရန်ကုန်က ပိုမိုအေးဆေးသွားပြီး ဂျီအက်ဖ်အေကို အသာစီးကနေ ကစားလာနိုင်ခဲ့ပါတယ်။ ရန်ကုန်အတွက် ဒုတိယဂိုးကိုတော့ ဇော်မင်းထွန်းက ဧရိယာထဲမှာ အသာအယာ ပိတ်သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ရန်ကုန်အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပြီး ဒီကနေ့ တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားနေတဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ အနိုင်ရလာတဲ့ မကွေးအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။