အိမ်ကွင်း ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်အောင် ကြိုးစားသွားမည်ဟု ရခိုင်ယူနိုက်တက်အသင်း နည်းပြ ပြော
—————————————————————————————————————-
ရခိုင်ယူနိုက်တက်အသင်းသည် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်တစ်ပွဲအဖြစ် လာမည့် ဇွန် ၁၆ ရက်တွင် ဝေသာလီကွင်း၌ ရတနာပုံအသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် ရခိုင်ယူနိုက်တက်အသင်း၏ အဓိက ပွဲထွက် ကစားသမားနှစ်ဦးဖြစ်သည့် သက်ထွန်းအောင်နှင့် စည်သူသန်းစိုးတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူ သက်ထွန်းအောင်(ဂျာစီနံပါတ် ၂၉)
နောက်ခံလူ သက်ထွန်းအောင်သည် ရခိုင်ယူနိုက်တက်အသင်း ကစားခဲ့သည့် ပွဲစဉ် ၁၅ ပွဲတွင် ၁၅ ပွဲစလုံး ပွဲထွက်ကစားအဖြစ် ကစားခွင့်ရထားသည့် အဓိက ပွဲထွက်ကစားသမားတစ်ဦးဖြစ်သည်။ အလားတူ တိုက်စစ်မှူး စည်သူသန်းစိုးသည်လည်း ရခိုင်ယူနိုက်တက်အသင်း ၏ ပွဲစဉ်အများအပြားတွင် အဓိက ပွဲထွက်ကစားသမားတစ်ဦးအဖြစ် ကစားနေသူဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် သွင်းဂိုး သုံးဂိုးသွင်းပေးထားသူတစ်ဦးဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှူး စည်သူသန်းစိုး(၀ဲအစွန်)
” အဓိက ကစားသမားနှစ်ယောက် မပါနိုင်တာ အသင်းအတွက်တော့ အားနည်းစေနိုင်ပါတယ်။ ဒါပေမယ့်လဲ ရှိတဲ့ ကစားသမားနဲ့ အကောင်းဆုံးဖြစ်အောင် ကစားဖို့ စီစဉ်ထားပါတယ်။ ဧည့်သည်အဖြစ် လာကစားမယ့် ရတနာပုံအသင်းက အတွေ့အကြုံရှိတဲ့ လက်ရွေးစင်ကစားသမားအများအပြား ပါဝင်တဲ့အသင်းပါ။ ပြိုင်ဖက်ကို လေးလေးစားစားနဲ့ ကစားမှာပါ။ အိမ်ကွင်းမှာ နှစ်ပွဲ ဆက် ရှုံးပွဲ ဆက်နေလို့ ဒီပွဲမှာတော့ ရလဒ်ကောင်းရအောင် ကြိုးစားသွားမှာပါ”ဟု ရခိုင်ယူနိုက်တက်အသင်း နည်းပြ ဦးစိုးသိန်းက ပြောခဲ့သည်။
ရခိုင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ပထမအကျော့ တွေ့ဆုံမှုတွင် ရတနာပုံအသင်းက လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိထားသည်။ လက်ရှိတွင် ရတနာပုံအသင်းသည် ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက် အသင်းသည် ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။