ရခိုင်-ရတနာပုံ၊ ရှမ်း-မကွေး၊ ဇွဲကပင်-ရန်ကုန် အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ မြန်မာနေရှင်နယ်လိဂ် ရက်သတ္တပတ်

June 15, 2018
ယခုတစ်ပတ် MPT Myanmar National League 2018 Week 16 မှာ ရခိုင်ယူနိုက်တက်-ရတနာပုံအက်ဖ်စီ၊ ရှမ်းယူနိုက်တက်-မကွေးအက်ဖ်စီ၊ ဂျီအက်ဖ်အေ-မြ၀တီအက်ဖ်စီ၊ ဆောက်သမ်းမြန်မာ-ဧရာဝတီယူနိုက်တက် ၊ ဇွဲကပင်ယူနိုက်တက်-ရန်ကုန်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်-ဟံသာဝတီယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး အသင်းတိုင်းရဲ့ လတ်တလော အခြေအနေတွေကြောင့် ပွဲစဉ်တိုင်းက ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

၁၆-၆ -၂၀၁၈

ရခိုင်ယူနိုက်တက်-ရတနာပုံအက်ဖ်စီ(ဝေသာလီ)- ၃း၃၀

ပထမအကျော့ရလဒ် – ရတနာပုံ ၄-၂ ရခိုင်

နောက်ဆုံးပွဲစဉ်တွေမှာ အိမ်ကွင်းရလဒ် မကောင်းဖြစ်နေတဲ့ ရခိုင်အသင်း ရတနာပုံအသင်းနဲ့  ပွဲကျပ်ဆက်လက်ရင်ဆိုင်ရမှာပါ။  ပြိုင်ဘက်ရတနာပုံအသင်းကလည်း ပွဲစဉ်(၁၅)မှာ ရှုံးပွဲကြုံတွေ့ ထားလို့  နိုင်ပွဲပြန်ရှာဖို့  ကြိုးပမ်းလာမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင် ရခိုင်အသင်းက စည်သူသန်းစိုးနဲ သက်ထွန်းအောင်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဧည့်သည်အသင်းမှာလည်း ယူ ၁၉ လက်ရွေးစင်အသင်းကို ကစားသမားအချို့  ပေးထားရတာရှိနေပါတယ်။  ဒါပေမယ့် နှစ်သင်းစလုံး မဖြစ်မနေ နိုင်ပွဲပြန်လည်ရယူဖို့ ကြိုးပမ်းလာမှာကြောင့် ဝေသာလီကွင်းထဲက ရခိုင်-ရတနာပုံပွဲစဉ်က တိုက်ပွဲပြင်းထန်မှာသေချာပါတယ်။

၁၆-၆-၂၀၁၈

ရှမ်းယူနိုက်တက်-မကွေးအက်ဖ်စီ(တောင်ကြီး) – ၃း၃၀

ပထမအကျော့ရလဒ် – မကွေး၂-၃ ရှမ်း

နည်းပြသစ်လက်ထက် ရလဒ်ကောင်းတွေ ဆက်တိုက်ပိုင်ဆိုင်ထားတဲ့ ရှမ်းအသင်းအနေနဲ့  ခြေစွမ်းမာကျောတဲ့ မကွေးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာပါ။ ပြိုင်ဘက် မကွေးအသင်းကတော့ ဒုတိယအကျော့မှာ နိုင်ပွဲရယူထားနိုင်ခြင်း မရှိသေးဘဲ အဆင့် ၂ နေရာက ရှမ်းအသင်းရဲ့ နောက် ၅ မှတ်အကွာနဲ့  ရပ်တည်နေပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး ရမှတ်ကွာဟမသွားဖို့  ပြန်လည်ရှင်သန်ရတော့မယ့် အခြေအနေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အိမ်ရှင်အသင်းက အမှားမခံဘဲ ရှေ့ ခရီးဆက်ဖို့  အားထုတ်ကြိုးပမ်းလာမှာဖြစ်တာကြောင့် ပွဲက ပိုပြီး အကြိတ်အနယ်ရှိလာဖို့ ရှိနေပါတယ်။ ဒါကြောင့် သူနိုင် ကိုယ်နိုင် အပြိုင်နွှဲကြမယ့် တောင်ပေါ်မြေက ရှမ်း-မကွေး ထိပ်တိုက်တွေ့ ဆုံမှုပွဲစဉ်ဟာ ဘောလုံးပွဲတစ်ပွဲရဲ့  ရသကို အပြည့်အဝ ခံစားခွင့်ရမယ့် ပွဲစဉ်ဖြစ်လာဖို့  ရှိနေပါတယ်။

၁၆-၆-၂၀၁၈

ဂျီအက်ဖ်အေ-မြဝတီအက်ဖ်စီ(သုဝဏ္ဏ) – ၄း၀၀

ပထမအကျော့ရလဒ်- မြဝတီ ၀-၃ ဂျီအက်ဖ်အေ

အမှတ်ပေးဇယား အောက်ဆုံးနှစ်သင်း။ တန်းဆင်းဇုန် ဆိုသောဖိအားကြီးအား ကိုယ်စီထမ်းပိုးထားရသော နှစ်သင်း။ ဒီတစ်ပတ်မှာ လာရောက်ဆုံတွေ့ နေပါပြီ။ အရေးကြီးလျှင်သွေးနီးကြရတော့မယ့် ဒီနှစ်သင်းရဲ့  ပွဲစဉ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လာမှာ သေချာနေပါတယ်။ ပထမအကျော့မှာတော့ ဂျီအက်ဖ်အေက သုံးဂိုး၊ ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ရထားပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ နိုင်ပွဲ မဖြစ်မနေ လိုအပ်နေကြတဲ့ နှစ်သင်းစလုံးရဲ့  အခြေအနေကြောင့် ဘယ်အသင်း အသာရသွားမလဲဆိုတာ ဖြေရခက်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိနေပါတယ်။

၁၇-၆-၂၀၁၈

ဆောက်သမ်းမြန်မာ-ဧရာဝတီယူနိုက်တက်(မော်လမြိုင်)- ၃း၃၀

ပထမအကျော့ရလဒ် – ဧရာဝတီ ၂-၂ ဆောက်သမ်း

နောက်ဆုံးသုံးပွဲဆက် ရလဒ်ကောင်းဖော်ဆောင်ထားတဲ့ ဆောက်သမ်းမြန်မာအသင်းအနေနဲ့  ရှုံးထွက်ပွဲစဉ်ရဲ့  အိမ်မက်ဆိုးကို ပြန်လည် ကုစားဖို့  ရောက်ရှိလာမယ့် တိုင်းဧရာဝတီအသင်းကို ဧည့်ခံယှဉ်ပြိုင်ရပါတော့မယ်။ ဧရာဝတီအသင်းက အောင်ကျော်နိုင်ကို ခေါ်ယူနိုင်ခဲ့မှုနဲ့  အတူ ရလဒ်ကောင်းတွေ ပြန်လည် ရရှိဖို့  အားထုတ်နေတဲ့ အသင်းဖြစ်ပါတယ်။ အိမ်ရှင်အသင်းရဲ့  အနေအထားကလည်း အထက်ပါ ရလဒ်တွေဟာ တစ်ပွဲတိုး မဟုတ်ဘူးဆိုတာ အိမ်ကွင်းကစားခဲ့တဲ့ ပွဲစဉ်တွေက သက်သေထူနေတာပါ။ ဒီတစ်ကြိမ်မှာလည်း အိမ်ကွင်းမှာပဲ ကစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီအသင်းရဲ့  ရာမညမြေဆီ လျောက်သောလမ်းခရီးဟာ အတားအဆီးမရှိ ဖြောင့်ဖြူးသာယာဖွယ်တော့ မဖြစ်တန်ရာပါဘူး။ ပထမအကျော့ ကျောက်တိုင်ကွင်းမှာတော့ အကြိတ်အနယ် ကစားခဲ့အပြီး နှစ်ဂိုးစီ သရေရလဒ်သာ ဖြစ်ပေါ်ခဲ့တာပါ။ ဒါကြောင့် ပထမအကျော့ကလိုပဲ  အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေရလဒ်ဆီ ဆက်လက် ဦးတည်စေဦးမလား။ ဒါမှမဟုတ် ပြတ်သားတဲ့ အဖြေတစ်ခုကို အိမ်ရှင်အသင်းက ဖော်ထုတ်ပေးမလား. . . ဧည့်သည်အသင်းကပဲ ဖော်ဆောင်ပေးသွားမလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

 

၁၇-၆-၂၀၁၈

ဇွဲကပင်ယူနိုက်တက်-ရန်ကုန်ယူနိုက်တက်(သုဝဏ္ဏ)- ၄း၀၀

ပထမအကျော့ရလဒ်- ရန်ကုန် ၂-၀ ဇွဲကပင်

မြန်မာနေရှင်နယ်လိဂ်မှာ ကိုယ်ပိုင်ကစားဟန်တစ်ခုနဲ့  တည်ဆောက်ထားတဲ့ ဇွဲကပင်အသင်းဟာ ကစားပုံကောင်းမွန်ပေမယ့် ရလဒ်ပိုင်း တည်ငြိမ်မှု မရှိတာက  ဒီအသင်းရဲ့  အားနည်းချက် တစ်ခုအဖြစ် ကင်ပွန်းတပ်ရမလိုပါပဲ။ ရန်ကုန်အသင်းကတော့ ရလဒ်ကောင်းတွေ ဆက်တိုက်ပိုင်ဆိုင်ခဲ့ပေမယ့် ပွဲစဉ်(၁၅)မှာ ရှုံးပွဲကြုံတွေ့ ခဲ့ရပါတယ်။ ချန်ပီယံလမ်းကြောင်းအတွက် ပွန်းပဲ့မခံလိုတဲ့ ဒီအသင်းရဲ့  ပေါက်ကွဲသံစဉ်တွေက ဒီအပတ် ဇွဲကပင်အသင်းအပေါ် အလုံးစုံ ကျရောက်လာနိုင်ချေရှိနေပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာလည်း နောက်တစ်ဆင့် ရောက်ရှိခဲ့လို့  ယုံကြည်မှု ပြန်လည် တည်ဆောက်ပြီးသား ဖြစ်နေမှာပါ။ သို့ သော်လည်း အထက်မှာဆိုခဲ့ပြီးတဲ့အတိုင်း ဇွဲကပင်အသင်းရဲ့ ခြေစွမ်းကလည်း မှန်းဆရခက်တဲ့ အနေအထားမို့ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။  ရန်ကုန်ကစားသမားဟောင်းတွေဖြစ်တဲ့ သန်းထက်အောင်၊ဇွန်မိုးအောင် စတဲ့ ကစားသမားအချို့ရဲ့ ခြေစွမ်းကလည်း ဒီပွဲစဉ်မှာ စောင့်ကြည့်အကဲခတ်ချင်စရာ ကောင်းနေပါတယ်။

၁၇-၆-၂၀၁၈

စစ်ကိုင်းယူနိုက်တက်-ဟံသာဝတီယူနိုက်တက်(မုံရွာ)- ၃း၃၀

ပထမအကျော့ရလဒ်- ဟံသာဝတီ ၂-၁ စစ်ကိုင်း

စစ်ကိုင်းယူနိုက်တက်အသင်းက အိမ်ကွင်းမှာ တစ်ပွဲသာ အနိုင်ရရှိထားသေးပြီး အမှတ်ပေးဇယား ရပ်တည်မှုမှာ တန်းဆင်းဇုန် အဆင့် ၁၀ နေရာမှာ ရောက်ရှိနေဆဲဖြစ်ပါတယ်။ အဆင့် ၁၁ နေရာက ဂျီအက်ဖ်အေနဲ့ တစ်မှတ်သာ အသာရရှိထားလို့  ရတက်မအေးနိုင်သေးတဲ့ အနေအထားပါ။  ဒါကြောင့် နိုင်ပွဲစာမျက်နှာ ထပ်မံဖွင့်လှစ်ဖို့ အိမ်ကွင်းပရိသတ်ရှေ့မှောက်  အားထည့်ပြင်ဆင်လာမှာဖြစ်ပါတယ်။ ဟံသာဝတီအသင်းကလည်း အဆင့် ၅ နေရာကနေ အထက်ကို တက်လှမ်းဖို့ ဟန်ပြင်နေတဲ့ အသင်းဖြစ်တာကြောင့် လာမယ့်ပွဲစဉ်ဟာ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အသင်းရဲ့ ကစားဟန်ကလည်း တည်ငြိမ်နေလို့ စစ်ကိုင်းအသင်း အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေပါတယ်။