MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၁၇ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက သုဝဏ္ဏကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ ကစားခဲ့ရာ ရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါပွဲစဉ် ပထမပိုင်းတွင် ရန်ကုန်အသင်းမှ ဇွဲကပင်အသင်းထက် ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပြီး ဇွဲကပင်အသင်း ကစားသမားအများစုသည် ပွဲပန်းနေသည့် ပုံစံရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၁ မိနစ် တွင် မောင်မောင်လွင်မှ သွင်းပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် ဇွဲကပင်အသင်းမှ ကစားကွက်ပုံစံပြောင်းခဲ့ပြီး အသင်းလိုက် ကစားပုံ ပိုမိုကောင်းမွန်လာခဲ့သည်။ ပထမပိုင်းတွင် ကစားပုံကောင်းမွန်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် မောင်မောင်လွင် လူစားလဲခဲ့ပြီးနောက်တွင် ကစားပုံအနည်းငယ်ပျက်ခဲ့သည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်းမှ အခွင့်အရေးအချို့ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်ခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်အသင်းမှ ဒုတိယဂိုးရခဲ့ပြီး တိုက်စစ်မှူး အီစိုးက ခေါင်းတိုက်သွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲကစားချိန် ပြီးဆုံးရာတွင် ရန်ကုန်အသင်းက ဇွဲကပင်အသင်းကို ပထမအကျော့ ရလဒ်အတိုင်း နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်အသင်းသည် ဇွဲကပင်အသင်းကို အနိုင်ရခဲ့သည့်အတွက် ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် (Week-17) ပွဲစဉ်အဖြစ် ဇွန် ၂၃ ရက် တောင်ကြီးကွင်းတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ အလားတူ ဇွဲကပင်အသင်း ရတနာပုံအသင်းနှင့် သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
MPT Myanmar National League 2018
Pos | Club | P | W | D | L | F | A | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | YUFC | 15 | 11 | 2 | 2 | 38 | 15 | 23 | 35 |
2 | SUFC | 15 | 10 | 3 | 2 | 24 | 10 | 14 | 33 |
3 | SMFC | 16 | 7 | 4 | 5 | 26 | 21 | 5 | 25 |
4 | Magwe | 15 | 7 | 4 | 4 | 19 | 14 | 5 | 25 |
5 | YDNB | 15 | 6 | 6 | 3 | 33 | 19 | 14 | 24 |
6 | HUFC | 15 | 7 | 1 | 7 | 23 | 18 | 5 | 22 |
7 | RUFC | 16 | 6 | 3 | 7 | 22 | 25 | -3 | 21 |
8 | ZUFC | 15 | 6 | 2 | 7 | 17 | 17 | 0 | 20 |
9 | AUFC | 15 | 5 | 4 | 6 | 27 | 28 | -1 | 19 |
10 | SGFC | 16 | 3 | 6 | 7 | 18 | 26 | -8 | 15 |
11 | GFA | 16 | 3 | 5 | 8 | 16 | 29 | -13 | 14 |
12 | MWD | 15 | 0 | 2 | 13 | 6 | 47 | -41 | 2 |