ဧရာဝတီအသင်း ကွင်းလယ်လူ ကတ်စီယို မကွေးအသင်းနှင့်ပွဲ လွဲချော်
—————————————————————————
MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-17) ပွဲစဉ်တစ်ပွဲအဖြစ် လာမည့် ဇွန် ၂၃ ရက်၊ ပုသိမ်ကျောက်တိုင်ကွင်းတွင် ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အဆိုပါပွဲတွင် မကွေးအသင်းမှ ကျော်ဇင်လွင်နှင့် နိုင်နိုင်ကျော်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ကစားသမား၊ မကွေးအသင်းနောက်ခံလူ ကျော်ဇင်လွင်သည် ယခုနှစ်ဘောလုံးရာသီတွင် မကွေးအသင်း၏ အဓိက ပွဲထွက် ကစားခွင့်ရထားသည့် အမာခံကစားသမားတစ်ဦးဖြစ်သည်။ အလားတူ ကွင်းလယ်ကစားသမား နိုင်နိုင်ကျော်သည်လည်း မကွေးအသင်းအတွက် အားထားရသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားသူလည်းဖြစ် သည်။
ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ်လူ ကတ်စီယို
အလားတူ ဧရာဝတီယူနိုက်တက်အသင်း၏ ဘရာဇီးလူမျိုး၊ ကွင်းလယ်လူ ကတ်စီယိုသည် ပြီးခဲ့သည့် ဆောက်သမ်းအသင်းနှင့်ပွဲတွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ခံခဲ့ရသည့်အတွက် အိမ်ကွင်းတွင် ကစားရမည့် မကွေးအသင်းနှင့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ ကွင်းလယ်လူ ကတ်စီယိုသည် လက်ရှိအချိန်တွင် အသင်းအတွက် သွင်းဂိုး လေးဂိုး သွင်းယူပေးထားပြီး ကစားဖော်များ ဂိုးရရှိရန် ဖန်တီးပေးနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည်။
မကွေးအသင်း ကွင်းလယ်လူ နိုင်နိုင်ကျော်
ဧရာဝတီယူနိုက်တက်အသင်းသည် ၁၅ ပွဲ ကစားပြီးချိန်၌ ငါး ပွဲနိုင်၊ လေးပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၉ နေရာ တွင် ရပ်တည်နေသည်။ ဧည့်သည်အဖြစ် လာကစားမည့် မကွေးအသင်းသည် ၁၅ ပွဲကစားအပြီး၌ ခုနစ်ပွဲ နိုင်၊ လေးပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။ ဧရာဝတီယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့၏ ပထမအကျော့ တွေ့ဆုံမှုတွင် မကွေးအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။