ရခိုင်ယူနိုက်တက်ကို အနိုင်ကစားပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဆီမီးဖိုင်နယ်သို့ ရှမ်းယူနိုက်တက် တက်ရောက်

June 20, 2018

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်ကတော့ ဒီကနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ကွာတားဖိုင်နယ် ပွဲစဉ်မှာ လိဂ်ပြိုင်ဘက် ရခိုင်ယူနိုက်တက်ကို အမှားအယွင်းမရှိ ဂိုးပြတ် အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ဖို့ ကြိုးစားနေတဲ့ ရှမ်းယူနိုက်တက် အနေနဲ့ ဒီပွဲမှာ လူစုံထုတ် ကစားခဲ့ပြီး ပွဲချိန်တစ်လျှောက် ခြေစွမ်းပိုင်းကလည်း အသာစီးရရှိခဲ့ပါတယ်။ ရခိုင်ကတော့ ပွဲချိန်တစ်လျှောက် ရှမ်းရဲ့ တိုက်စစ်ကို ခုခံရင်း တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားပြီး ရှမ်းယူနိုက်တက်ကို တန်ပြန်ခဲ့တာ ဖြစ်ပေမယ့် ရခိုင်တိုက်စစ်က ဆန်းဒေးကို ရှမ်းခံစစ်ကြောင်းက အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် ရခိုင်တိုက်စစ် အသက်မဲ့ခဲ့ရတာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး ဒွေးကိုကိုချစ် တစ်ဦးတည်းက ပွဲချိန် ၂၇ မိနစ်၊ ၆၁ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ယူနိုက်တက် အသင်းမှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ ဒွေးကိုကိုချစ် အနေနဲ့ ဂိုးတွေသွင်းယူအပြီးမှာ အောင်ပွဲခံမှု မပြုခဲ့ဘဲ အသင်းဟောင်းကို လေးစားမှု ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

ရှမ်းယူနိုက်တက် အနေနဲ့ ခုပွဲကို အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပြီး တစ်ဘက်က စစ်ကိုင်းယူနိုက်တက် – ဟံသာဝတီ ယူနိုက်တက် ပွဲစဉ်မှာ အနိုင်ရလာတဲ့ ဟံသာဝတီ ယူနိုက်တက် အသင်းနဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့ (အိမ်ကွင်း၊ အဝေးကွင်း) ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။