ဇွဲကပင်အသင်း နိုင်ပွဲပြန်လည် ရရှိခဲ့ပြီး ရတနာပုံအသင်း သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံး

June 23, 2018

ဒီကနေ့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ MPT Myanmar National League 2018 Week 17 ပွဲစဉ်မှာ ဇွဲကပင်ယူနိုက်တက်အသင်းက ရတနာပုံအက်ဖ်စီအသင်းကို နှစ်ဂိုး၊တစ်ဂိုးနဲ့ အနိုင်ယူပြီး ပထမအကျော့ ရှုံးကြွေးကို ပြန်လည် ချေဖျက်နိုင်ခဲ့ပါတယ်။

ဇွဲကပင်အသင်းအနေနဲ့ ဒီကနေ့ပွဲ အနိုင်ရလဒ်ကြောင့် အဆင့် ၈ နေရာကနေ အဆင့် ၆ နေရာအထိ ပွဲစဉ်(၁၇) ဒုတိယနေ့ ပွဲစဉ်များမတိုင်မီ တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။ ရတနာပုံအသင်းအတွက်တော့ သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်းဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းနဲ့ ရမှတ် ၁၂ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။

ပထမပိုင်း ၇ မိနစ်အတွင်း ရတနာပုံအသင်း ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို စည်သူအောင်ကန်သွင်းရာမှာ လွဲချော်ခဲ့ပါတယ်။ သို့သော်လည်း ဦးဆောင်ဂိုးကို ရတနာပုံအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ၄၅+၁ မိနစ်မှာ ပြစ်ဒဏ်ဘောကနေတစ်ဆင့် လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာပါ။ ပထမပိုင်းမှာ ရတနာပုံအသင်းက တစ်ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဇွဲကပင်အသင်းက ပိုမိုဖိအားပေး ကစားလာခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကစားအားကျလာတဲ့ ရတနာပုံအသင်းရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဇွဲကပင်အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။  ဇွဲကပင်အသင်းအတွက် သန်းထက်အောင် တစ်ဦးတည်းက ၆၀၊ ၇၃ မိနစ်တွေမှာ သွင်းယူပေးပြီး နိုင်ပွဲတစ်ပွဲကို ပြန်လည် ရယူပေးခဲ့တာပါ။

ဒါ့အပြင် ဇွဲကပင်ယူနိုက်တက်-ရတနာပုံအက်ဖ်စီ ပွဲစဉ်မတိုင်မီ မြန်မာ့လက်ရွေးစင်ဟောင်း ဦးဇော်ဇော် ကွယ်လွန်သွားခဲ့တဲ့အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။