ရန်ကုန်ယူနိုက်တက် အသင်း၏ အိမ်ကွင်းဖြစ်သည့် YUSC ကွင်းကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိရာ လက်ရှိတွင် ပြင်ဆင်မှု အလုံးစုံ ပြီးစီးခြင်း မရှိသေးသည့် အတွက် ယခုတစ်ပတ်တွင် YUSC ကွင်း၌ ကျင်းပသွားရန် စီစဉ်ထားသည့် ရန်ကုန်ယူနိုက်တက်နှင့် မကွေးအသင်းတို့၏ ပွဲကို ကွင်းပြောင်းရွှေ့ ကျင်းပသွားမည် ဖြစ်သည်။
YUSC ကွင်းကို အကြီးစား ပြင်ဆင်မှု ပြုလုပ်ရာတွင် မြက်ခင်းပြင်ကို အလုံးစုံ ခင်းပြီးဖြစ်သော်လည်း အခြား ပြင်ဆင်ရန်များ ကျန်ရှိနေသေးသည့် အတွက် မိုးရွာသွန်းမှုများပါက နှစ်ဘက်အသင်း ကစားသမားများ အခက်အခဲ ဖြစ်နိုင်သည့် အတွက် သင့်တော်ရာကွင်းတစ်ကွင်းသို့ ပြောင်းရွှေ့ကျင်းပပေးပါရန် ရန်ကုန်ယူနိုက်တက် အသင်းက တင်ပြလာပါသည်။
သို့ဖြစ်ရာ မူလက ဇွန် ၃၀ ရက်တွင် YUSC ၌ ကျင်းပရန် စီစဉ်ထားသည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် မကွေးအသင်းတို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ကို ဇူလိုင် ၁ ရက်တွင် သုဝဏ္ဏကွင်း၌ ပြောင်းရွှေ့ ကျင်းပသွားမည် ဖြစ်ပြီး ကျန်ပွဲများကို မူလထုတ်ပြန်ထားသည့် အတိုင်း ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ယင်းကဲ့သို့ ပွဲစဉ်ရွှေ့ပြောင်းမှု ရှိခဲ့သည့် အတွက် တိုက်ရိုက်ပြသရန် စီစဉ်ထားမှုလည်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ မူလက ဇွန် ၃၀ ရက်တွင် ကျင်းပမည့် ရန်ကုန်-မကွေးပွဲနှင့် ဇူလိုင် ၁ ရက်တွင် ကျင်းပမည့် စစ်ကိုင်း-ဇွဲကပင် ပွဲတို့ကို ရုပ်သံမှ တိုက်ရိုက်ပြသရန် စီစဉ်ထားသော်လည်း ယခုအခါ ဇွန် ၃၀ ရက်တွင် မြဝတီနှင့် ဧရာဝတီ ယူနိုက်တက်ပွဲ၊ ဇူလိုင် ၁ ရက်တွင် ရန်ကုန်နှင့် မကွေးပွဲများကို For Sports ရုပ်သံနှင့် MRTV ရုပ်သံများမှ တိုက်ရိုက် ပြသသွားမည် ဖြစ်ပါသည်။