ဘိုဘိုအောင်၊ ရော်ဘင်တို့၏ သွင်းဂိုးများဖြင့် ရန်ကုန်လူငယ်အသင်းကို အနိုင်ရခဲ့သည့် ရှမ်းလူငယ်အသင်း

June 27, 2018

MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့ ယနေ့ ညနေက စလင်းကွင်းတွင် ကစားခဲ့ရာ ရှမ်းအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရန် ရန်ကုန်အသင်းဘက်သို့ ဖိအားပေးကစားခဲ့ပြီး ထိရောက်သည့် ဂိုးပေါက် ခြိမ်းခြောက်မှုများပြုလုပ်နိုင်ခဲ့သည်။ အလားတူ ရန်ကုန်အသင်းသည်လည်း ဂိုးရရှိမည့် အခွင့်အရေးအနည်းငယ်ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်ခဲ့ပေ။ ပွဲချိန် ၄၄ မိနစ်တွင် ရှမ်းအသင်းမှ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဘိုဘိုအောင်မှ ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ရှမ်းအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ပွဲချိန် ၆၄ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ရော်ဘင်က အလွတ်တည်ကန်ဘောမှ တိုက်ရိုက် သွင်းယူပေးခဲ့သည်။ ပွဲချိန် ၉၀ မိနစ်တွင် ရန်ကုန်အသင်းမှ ပင်နယ်တီရရှိခဲ့ပြီး သူရဟိန်း၏ ကန်သွင်းမှုကို ရှမ်းအသင်း ဂိုးသမား မျိုးသီဟ ၀င်းက ပုတ်ထုတ်ကာကွယ်သွားခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် ရှမ်းအသင်းက ၂-၀ ဂိုးဖြင့် ရန်ကုန်အသင်းကို အနိုင်ရသွားခဲ့သည်။