ရည်မှန်းချက် ကိုယ်စီအတွက် အသင်းတွေအားလုံး ရုန်းကန်ကြမယ့် ရက်သတ္တပတ် (သို့) MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၈) ပွဲစဉ်များ

June 29, 2018

လာမည့် ဇွန် ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်များတွင် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၈)၏ ပွဲစဉ်များကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ၂၂ ပွဲသာ ရှိသည့် လိဂ်ပြိုင်ပွဲအတွက် ပွဲစဉ် ၁၈ သို့ ရောက်ရှိလာခြင်းမှာ ပြိုင်ပွဲ၏ လေးချိုးသုံးချိုး ယှဉ်ပြိုင်ကစားပြီး ဖြစ်၍ အသည်းအသန် ရုန်းကန်ရမည့် ရာသီသိမ်းကာလ ရောက်ရှိလာပြီဟု အဓိပ္ပါယ်ထွက်သည်။ တစ်ကယ်တမ်းတွင်လည်း ချန်ပီယံဆုအတွက် အားပြိုင်မှုအပြင် တန်းဆင်းဇုန် လက်ကျန် တစ်နေရာ အတွက် ရုန်းကန်မှုများကလည်း ပိုမိုအားကောင်း လာခဲ့ပြီ ဖြစ်သည်။

ယခုတစ်ပတ် ပွဲစဉ် (၁၈) တွင် တန်းဆင်းဇုန် လက်ကျန် တစ်နေရာအတွက် ရုန်းကန်နေရသည့် ဂျီအက်ဖ်အေနှင့် စစ်ကိုင်းယူနိုက်တက် အသင်းတို့မှာ ရှမ်းယူနိုက်တက်၊ ဇွဲကပင် ယူနိုက်တက် စသည့် အသင်းများနှင့် တွေ့ဆုံနေသည်။ အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်ယူနိုက်တက် အသင်းမှာမူ ပထမအကျော့က ၎င်းတို့ ရှုံးနိမ့်ခဲ့သည့် တစ်သင်းတည်းသော အသင်းဖြစ်သည့် မကွေးအသင်းနှင့် ပြန်လည် ရင်ဆိုင်ရမည် ဖြစ်သည်။

ဟံသာဝတီ ယူနိုက်တက် – ရခိုင်ယူနိုက်တက်

ဇွန် ၃၀၊ ညနေ ၃း၃၀ နာရီ၊ ဂရန်းရွိုင်ရယ်ကွင်း၊ ပဲခူးမြို့၊ Live Stream on MNL Facebook Page

တန်းဆင်းဇုန် လက်ကျန် တစ်နေရာအတွက် အန္တရာယ် ရှိနေသည့် အသင်းများထဲတွင် ဤနှစ်သင်းလည်း ပါဝင်နေသည်။ အထူးသဖြင့် အဆင့် ၉ နေရာသို့ ရောက်နေသည့် ရခိုင်ယူနိုက်တက် အနေဖြင့် အဆင့် ၁၀ မှ စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ၃ မှတ်သာ ကွာဟနေသောကြောင့် ယခုပွဲသာ ရှုံးနိမ့်ခဲ့ပါက တန်းဆင်းဇုန် နှုတ်ခမ်းဖျားတွင် မေးတင်သွားမည် ဖြစ်သည်။ ဟံသာဝတီ အနေဖြင့်လည်း တန်းဆင်းဇုန်အတွင်းမှ အသင်းနှင့် ၆ မှတ်သာ ကွာဟနေသောကြောင့် လက်ကျန်ပွဲများတွင် ရမှတ်များကို ရနိုင်သလောက် စုဆောင်းသွားရမည်မှာ သေချာနေသည်။

နောက်ဆုံးကစားထားသည့် ပွဲများကို ပြန်ကြည့်လျှင်တော့ နှစ်သင်းစလုံး ပုံစံမကောင်း။ ဟံသာဝတီက နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ထားသလို ရခိုင်ကလည်း ထိုနည်းအတူပင်။ နှစ်သင်းစလုံး ခြေစွမ်း ယိမ်းယိုင်နေပြီး ပုံစံကောင်း ပျောက်ဆုံးနေကြသည်။ သို့သော် ယခုပွဲတွင် မဖြစ်မနေ ထည့်တွက်သင့်သည်က ဟံသာဝတီ၏ အိမ်ကွင်း ခြေစွမ်းဖြစ်သည်။ ဒီရာသီ အိမ်ကွင်း ၇ ပွဲ ကစားပြီးချိန်တွင် အဖွင့်ပွဲ တစ်ပွဲသာ ရှုံးနိမ့်ပြီး ကျန်ခြောက်ပွဲတွင် ငါးပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ကာ နောက်ဆုံးပွဲစဉ်ကို သရေ ကစားထားသည်။ ဤအခြေအနေက ရခိုင်လို ယိုင်နဲ့နဲ့ ဖြစ်နေသည့် အသင်းအတွက်တော့ သတင်းဆိုးဟု ဆိုနိုင်သည်။ ထိုပွဲကို မြန်မာနေရှင်နယ်လိဂ် Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်သည်။

 

မြဝတီ – ဧရာဝတီ ယူနိုက်တက်

ဇွန် ၃၀၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်း၊ Live on For Sports and MRTV

ဧရာဝတီ ယူနိုက်တက်နှင့် မြဝတီတို့ ပထမအကျော့ တွေ့ဆုံခဲ့စဉ်

မြဝတီ အတွက်ကတော့ ဒီပြိုင်ပွဲက ဘာမျှော်လင့်ချက်မှ မရှိတော့သော ပြိုင်ပွဲ ဖြစ်နေခဲ့တာ ကြာပြီ။ ၁၆ ပွဲ ကစားပြီးချိန်တွင် ရယူနိုင်ခဲ့သည့် ရမှတ်က ၂ မှတ်သာ ဖြစ်သည့် အတွက် လွတ်မြောက်နိုင်ရန် ဘယ်လိုမှ လမ်းစမရှိတော့။ နောက်ဆုံး ၅ ပွဲ ရလဒ်က ဂိုးပြတ်ရှုံးပွဲတွေသာ ဖြစ်ခဲ့ပြီး ထိုပွဲများတွင် သွင်းဂိုး တစ်ဂိုးသာ ရယူနိုင်ခဲ့သည်။ ဧရာဝတီကို သုံးသပ်ရလျှင်တော့ စိတ်ဝိဉာဉ် ပျောက်ဆုံးနေသော အသင်းလို့ ဆိုချင်သည်။ ကောင်းချင်သည့် ပွဲ အင်မတန်ကောင်းသည်၊ ညံ့သည့်ပွဲတွင် အိမ်ကွင်း၊ အဝေးကွင်း မရွေး ညံ့သည်။ အာရုံစူးစိုက်မှုနှင့် ခြေစွမ်းက တစ်ပွဲနှင့် တစ်ပွဲ Tempo မညီ။ ဧရာဝတီ၏ နောက်ဆုံး ငါးပွဲရလဒ် (ရှုံး၊ သရေ၊ နိုင်၊ ရှုံး၊ နိုင်) ဆိုသည်က ထိုအချက်ကို သိသိသာသာ မီးမောင်း ထိုးပြနေသည်။ ရန်ကုန်လို ဇယားထိပ်က အသင်းကို စိတ်ဓာတ်ကောင်းကောင်းနှင့် နောက်ကလိုက်ကစား အနိုင်ယူပြီး နောက်တစ်ပွဲမှာပင် ဆောက်သမ်းကို ဂိုးပြတ် သွားရှုံးသည်။ ယင်းနောက်တွင် မကွေးလို အသင်းကို ဂိုးပြတ် ပြန်နိုင်သည်။ တကယ့် ကမောက်ကမ ရလဒ်များပင်။

ကလင်ဒါကျ အရတော့ ဒီပွဲက ဧရာဝတီ ကာလာပြန်အောက်မည့်ပွဲ ဖြစ်သည်။ သို့သော် ပြိုင်ဘက်က မြဝတီ ဖြစ်နေသည့် အတွက် နှစ်ပွဲဆက် ရလဒ်ကောင်းသွားနိုင်ချေ များနေသည်။ မြဝတီကတော့ ပွဲတိုင်းကို ရုန်းကန်ကစားနေသော်လည်း ကစားသမား အင်အားအရ လုပ်နိုင်စွမ်း ကုန်နေပြီ ဖြစ်သည်။ ယခုပွဲတွင် ဧရာဝတီထံမှ သရေတစ်မှတ် ခွဲယူနိုင်လျှင်ပင် မြဝတီတို့ ဝမ်းသာရမည် ဖြစ်သည်။ ဤပွဲကို မြန်မာ့ရုပ်မြင်သံကြားနှင့် For Sports ရုပ်သံလိုင်းတို့တွင် ဇွန် ၃၀ ညနေ ၄း၀၀ နာရီ၌ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

 

ရှမ်းယူနိုက်တက် – ဂျီအက်ဖ်အေ

ဇူလိုင် ၁၊ ညနေ ၃း၃၀ နာရီ၊ တောင်ကြီးကွင်း၊ Live Stream on MNL Facebook Page

ပထမအကျေ့က သုဝဏ္ဏကွင်းတွင် အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည့် ရှမ်းယူနိုက်တက်နှင့် ၈ျီအက်ဖ်အေ

ရှမ်းယူနိုက်တက်က ချန်ပီယံဆု မှန်းနေသည့် အသင်း ဖြစ်သလို ဂျီအက်ဖ်အေက တန်းမဆင်းရရေး ရုန်းကန်နေရသည့် အသင်းဖြစ်သည်။ အသင်းနှစ်သင်းကြားက အခြေအနေတွေ ကွာခြားနေလင့်ကစား ယခုပွဲတွင် သုံးမှတ်ရရှိရေး အတွက် အားကုန်ထုတ်ရမည့် အခြေအနေကတော့ တူညီလျှက် ရှိနေသည်။ ရှမ်းယူနိုက်တက်၏ နောက်ဆုံးကစားထားသည့် ရလဒ်များကို ကြည့်လျှင်တော့ အားရစရာ ကောင်းလှသည်။ နောက်ဆုံး ငါးပွဲတွင် ၄ ပွဲထိ အနိုင်ရထားပြီး တစ်ပွဲ သရေကျထားသည်။ သရေကျသည့် ပွဲကလည်း ရန်ကုန်နှင့် ဖြစ်ရာ ခြေစွမ်းက အကောင်းဆုံး အနေအထား တစ်ရပ်သို့ ရောက်နေသည်ဟု ဆိုနိုင်သည်။ အလားတူ ဂျီအက်ဖ်အေကလည်း နောက်ပိုင်းပွဲများတွင် ခြေစွမ်းပြနေသည်။ တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်ရေး အတွက် အားကုန်ရုန်းနေပြီ ဖြစ်ရာ နောက်ဆုံးကစားခဲ့သည့် ပွဲတွင် ရခိုင်ကဲ့သို့သော မိမိထက်မြင့်သည့် ပြိုင်ဘက်ကိုပင် အနိုင်ကစားပြ နိုင်ခဲ့သည်။

ယခုပွဲတွင် ရလဒ်ကို အဆုံးအဖြတ် ပေးသွားနိုင်သည်က ကစားသမား အင်အားဖြစ်သည်။ အစစ အရာရာ အသာစီး ရနေသည့် လူစာရင်းက ယခုပွဲတွင် ရှမ်းယူနိုက်တက် အတွက် အားသာချက် ဖြစ်သည်။ ဂျီအက်ဖ်အေကတော့ ယခုပွဲတွင် သရေရလဒ်ကိုသာ ဦးတည် ကစားလာမည် ဖြစ်ပြီး တန်းမဆင်းရရေး ရုန်းကန်လာမည့် ဂျီအက်ဖ်အေ၏ ညှစ်အားကို စောင့်ကြည့်ရမည် ဖြစ်သည်။ ယင်းပွဲကို မြန်မာနေရှင်နယ်လိဂ် ဖေ့ဘုတ် စာမျက်နှာမှ တိုက်ရိုက် ပြသသွားမည် ဖြစ်သည်။

 

စစ်ကိုင်းယူနိုက်တက် – ဇွဲကပင် ယူနိုက်တက်

ဇူလိုင် ၁ ရက်၊ ညနေ ၃း၃၀ နာရီ၊ မုံရွာကွင်း၊ Live Stream on MNL Live Page

တန်းဆင်းဇုန်နှင့် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်ရေးအတွက် ရုန်းနေရသည့် အသင်းများထဲတွင် စစ်ကိုင်းယူနိုက်တက်လည်း ပါဝင်သည်။ ယခုနှစ်တွင်မှ တန်းတက်လာခြင်း ဖြစ်သော်လည်း လေးစားလောက်စရာ ခြေစွမ်းကို စစ်ကိုင်းတို့ ပြသထားနိုင်ပြီ ဖြစ်သည်။ ထိုက်သင့်သည့် နိုင်ပွဲများ ရယူထားနိုင်သော်လည်း တန်းဆင်းဇုန် အတွင်းမှ ဂျီအက်ဖ်အေနှင့် တစ်မှတ်သာ ကွာဟနေသောကြောင့် လက်ကျန်ပွဲများတွင် ရမှတ်များ ထပ်မံရယူထားနိုင်ရန် လိုအပ်နေသည်။ ဇွဲကပင် ယူနိုက်တက် ကတော့ အသင်းကောင်း တစ်သင်း ဖြစ်သော်လည်း ခြေမငြိမ်သည့် အသင်းများထဲမှ တစ်သင်း ဖြစ်သည်။ နောက်ဆုံးကစားထားသည့်  ငါးပွဲတွင် ရရှိထားသည့် (နိုင်၊ ရှုံး၊ နိုင်၊ ရှုံး၊ နိုင်) ဆိုသည့် ရလဒ်က ခြေမငြိမ်ခြင်းကို သက်သေပြလျှက် ရှိသည်။

နှစ်သင်းစလုံး၏ လက်ရှိ ခြေစွမ်းများအရ ပွဲက အကြိတ်အနယ် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ် ရှိသည်။ စစ်ကိုင်းယူနိုက်တက် အနေဖြင့် တန်းဆင်း အန္တရာယ်မှ ကင်းလွတ်စေရန် အတွက် အစွမ်းကုန် အားထုတ် လာမည် ဖြစ်သလို ဇွဲကပင် အနေဖြင့် လက်ရှိတွင် အဆင့် ၇ ၌ ရပ်တည်နေသော်လည်း တန်းဆင်းဇုန် အတွင်းမှ အသင်းနှင့် ၆ မှတ်သာ ကွာဟနေသောကြောင့် လက်ကျန်ပွဲများကို ပေါ့ပေါ့ဆဆ ယှဉ်ပြိုင်ကစားခြင်း မပြုဘဲ ရမှတ်များကို ရသလောက် စုဆောင်းရမည် ဖြစ်သည်။ ယခုပွဲကို MNL LIVE ဖေ့ဘုတ် စာမျက်နှာတွင် တိုက်ရိုက် Live Stream ပြသပေးသွားမည် ဖြစ်သည်။

 

ရတနာပုံ – ဆောက်သမ်းမြန်မာ

ဇူလိုင် ၁၊ ညနေ ၄း၀၀ နာရီ၊ မန္တလာသီရိကွင်း၊ မန္တလေးမြို့၊ Live Stream on MY SPORTS

ရတနာပုံက အတော်ပင် အခြေအနေ ဆိုးနေသည်။ နောက်ဆုံး ကစားထားသည့် သုံးပွဲတွင် နှစ်ပွဲရှုံးသည်အထိ ခြေစွမ်းပိုင်း ထိုးကျသွားပြီး ရမှတ်တစ်မှတ်သာ ရယူထားနိုင်သည်။ ဆောက်သမ်းကတော့ ပြောင်းပြန်ပင်။ နောက်ဆုံး သုံးပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားနိုင်သောကြောင့် ရမှတ် ၂ မှတ်သာ ဆုံးရှုံးထားပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာထိ တက်လှမ်းနိုင်ခဲ့သည်။ ထိုရလဒ်က ဆောက်သမ်းအတွက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အမြင့်ဆုံး ရဖူးသော ရပ်တည်မှုဟုပင် ဆိုနိုင်သည်။

ရတနာပုံက လူငယ်ကစားသမားများ၏ အားဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကစားတတ်သည်။ သို့သော် တည်ငြိမ်မှု အားနည်းသည်။ ဆောက်သမ်းက ထိုသို့မဟုတ်။ ဝါရင့်သက်ကြီး ကစားသမားများကို တည်ထားသည်။ ရာသီအစပိုင်းက ခြေစွမ်းမကောင်း သော်လည်း နောက်ပိုင်း ပွဲများတွင် အတော်ပင် တည်ငြိမ်လာပြီး ရလဒ်များလည်း တောက်လျှောက် ကောင်းလာသည်ကို တွေ့ရသည်။

ရပ်တည်မှုများ အရတော့ နှစ်သင်းစလုံး တန်းဆင်းဇုန်နှင့် ဝေးနေသောကြောင့် ဖိအားလျော့နည်းလျှက် ရှိသည်။ သို့သော် ပွဲရလဒ်အပေါ် မူတည်ပြီး ရပ်တည်မှု ပြောင်းသွားနိုင်ခြေ ရှိနေသောကြောင့် ရလဒ်ကောင်း ရရှိရန် နှစ်သင်းစလုံး ကြိုးစားကြမည် ဖြစ်သည်။ ယူ-၁၉ အသင်းသို့ ကစားသမားများ ပေးထားရသည့်အတွက် ရတနာပုံ၏ လူအင်အားက နည်းပါးလျှက် ရှိသော်လည်း သုံးပွဲဆက် ရလဒ်မကောင်းမှုကို ချေဖျက်ရန် ရတနာပုံ ကစားသမားများ အားကုန်ထုတ်လာဖွယ် ရှိနေသည်။ ယခုပွဲကို MY SPORTS ဖေ့ဘုတ် စာမျက်နှာမှ တိုက်ရိုက်ပြသပေးသွားမည် ဖြစ်သည်။

 

ရန်ကုန် ယူနိုက်တက် – မကွေး

ဇူလိုင် ၁၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်း၊ Live on For Sports and MRTV

2018 MPT Myanmar National League အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ အဖြစ် မကွေးနှင့် ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့စဉ်

ယခုတစ်ပတ်အတွက် အကြိတ်အနယ် အရှိဆုံးနှင့် အကောင်းဆုံး ဖြစ်လာမည့် ပွဲဖြစ်သည်။ ရန်ကုန်နှင့် မကွေးက တွေ့တိုင်း အကြိတ်အနယ် ပွဲကောင်းဖြစ်တတ်သလို ပြဿနာတွေလဲ ဖြစ်တတ်သည်။ ဒါကလည်း ပြိုင်ဆိုင်မှု ပြင်းသည့် အသင်းအချင်းချင်း တွေ့တိုင်း ဖြစ်နေကြမို့ သိပ်တော့မဆန်းပါ။ လက်ရှိ ခြေစွမ်းနှင့် ရလဒ်ပိုင်းကို ကြည့်လျှင်တော့ မကွေးက ယိုင်နေပြီး ရန်ကုန်က မှန်နေသည်ဟု ပြောနိုင်သည်။ နောက်ဆုံး ငါးပွဲတွင် ရန်ကုန်က ဧရာဝတီကို အမှတ်မထင် ရှုံးခဲ့သည့် ပွဲက လွဲလျှင် ကျန်ပွဲများက ရသင့်သည့် အမှတ်များကို ရအောင် ယူနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ မကွေးကတော့ နောက်ဆုံးငါးပွဲတွင် နိုင်ပွဲ တစ်ပွဲမှ ရမထားဘဲ သုံးပွဲရှုံးထားရသည် အထိ ခြေစွမ်းယိမ်းယိုင်နေသည်။ နောက်ဆုံး ငါးပွဲတွင် နိုင်ပွဲလုံးဝ မရှိသည်က လိဂ်ပြိုင်ပွဲ ၁၂ သင်းတွင် မကွေးနှင့် မြဝတီသာ ရှိသည်။

မူလက ယခုပွဲကို ရန်ကုန်၏ အိမ်ကွင်း YUSC တွင် ကျင်းပရန် လျာထားသော်လည်း ကွင်းအခြေအနေအရ သုဝဏ္ဏသို့ ပြောင်းရွှေ့ကျင်းပ ခဲ့ရသည်။ မှတ်တမ်းများအရ ရန်ကုန်အနေဖြင့် အိမ်ကွင်း YUSC တွင် မကွေးကို အမြဲတမ်းနီးပါး အသာရလေ့ ရှိသော်လည်း သုဝဏ္ဏကွင်းတွင်မူ ရုန်းကန်ရလေ့ ရှိသည်။

အသင်းကြီးနှစ်သင်း တွေ့သည့်ပွဲ ဖြစ်သဖြင့် အစွမ်းကုန် အားထုတ်ကြမည် ဖြစ်ရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေသည်။ သို့သော် ကြိုးစားအားထုတ်မှု အပိုင်းတွင်မူ ချန်ပီယံဆုအတွက် ရမှတ်တိုင်းကို လိုအပ်နေသည့် ရန်ကုန်၏ ရုန်းအားက မကွေးထက် ပိုမိုသာလွန်ဖွယ် ရှိနေသည်။ အဆိုပါ ပွဲကို For Sports ရုပ်သံလိုင်းနှင့် မြန်မာ့ရုပ်မြင်သံကြား တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။