MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-18) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၃၀ ရက်(ယနေ့) ညနေက ပဲခူးမြို့ရှိ Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ပြီး ဟံသာဝတီအသင်းက ၂-၁ ဂိုး ဖြင့် အနိုင်ရခဲ့သည်။
အိမ်ရှင်ဟံသာဝတီအသင်းသည် ပွဲစတင်သည်နှင့် ဧည့်သည်ရခိုင်ယူနိုက်တက်အသင်းဘက်သို့ ဖိအားပေးကစားခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်းမှလည်း တန်ပြန်တိုက်စစ်များဖြင့် ပြန်လည်ထိုးဖောက်ခဲ့သည့်အတွက် ပွဲစဉ်သည် ပိုမိုကြည့်ကောင်းခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် အိမ်ရှင်မှ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဂျိုးဇက်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် နှစ်သင်းစလုံးမှ အပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး အိမ်ရှင်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး ကို ၆၀ မိနစ်တွင် ဂျိုးဇက်မှ ထပ်မံသွင်းယူပေးခဲ့သည်။ ပွဲပြီးခါနီး တစ်မိနစ်အလိုတွင် ရခိုင်အသင်းမှ ချေပဂိုး တစ်ဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ် မှူး ဆန်းဒေးက သွင်းယူပေးခဲ့သည်။ ပွဲကစားချိန် ပြီးဆုံးရာတွင် အိမ်ရှင်ဟံသာဝတီအသင်းက ဧည့်သည်ရခိုင်ယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။