မေလနှင့် ဇွန်လ အတွက် မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်

July 1, 2018

ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များအတွက် အကောင်းဆုံး ကစားသမားဆုနှင့် အကောင်းဆုံး နည်းပြဆုများကို ယနေ့ ပေးအပ်ချီးမြှင့်ခဲ့ရာ အကောင်းဆုံး ကစားသမားဆုကို ဇွဲကပင် ယူနိုက်တက် တိုက်စစ်မှူး သန်းထက်အောင်က နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့ပြီး အကောင်းဆုံး နည်းပြဆုကိုမူ ရှမ်းယူနိုက်တက် အသင်း၏ နည်းပြသစ် မာယန်က ရယူနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ဇွန်လအတွင်းတွင် ပွဲစဉ် ၄ ပွဲထိ ပုံမှန်အတိုင်း ကျင်းပနိုင်ခဲ့သော်လည်း မေလအတွင်း၌ မြန်မာ့လက်ရွေးစင် အသင်း၏ ခြေစမ်းပွဲများကြောင့် လိဂ်ပြိုင်ပွဲကို ခေတ္တရပ်နားခဲ့ရာ ပွဲစဉ် ၂ ပွဲသာကျင်းပနိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ နှစ်လပေါင်းကာ အကောင်းဆုံးများကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အလားတူပင် ပြိုင်ပွဲနည်းပါးသည့် လများဖြစ်သည့် မတ်လနှင့် ဧပြီလတို့ကိုလည်း ပူးပေါင်းကာ အကောင်းဆုံးဆုများကို တစ်ကြိမ် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်မှ ပုံမှန်ပေးအပ်နေသည့် လအလိုက် အကောင်းဆုံး ကစားသမားဆုသည် ပွဲစဉ်များအတွင်း အကောင်းဆုံး ကစားနိုင်သည့် ကစားသမားကို နှစ်ဘက်အသင်း နည်းပြချုပ်များက ရွေးချယ်ပေးရခြင်း ဖြစ်ပြီး နည်းပြများမှ အများဆုံး ရွေးချယ်ခံရသည့် ကစားသမားက အကောင်းဆုံး ကစားသမားဆုကို ရရှိခြင်း ဖြစ်သည်။ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဇွဲကပင် ယူနိုက်တက် အသင်း တိုက်စစ်မှူး သန်းထက်အောင်သည် ဇွန်လအတွင်း ဇွဲကပင် အသင်းအတွက် သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခဲ့ပြီး မေလ အတွင်း၌ သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားနိုင်သူ ဖြစ်သည်။ အကောင်းဆုံး ကစားသမားဆုကို စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ဇွဲကပင် အသင်းတို့ ပွဲစဉ်ကို ကျင်းပမည့် မုံရွာကွင်းအတွင်း ပွဲမစမီ၌ ပေးအပ် ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်နှင့်  မြန်မာနေရှင်နယ်လိဂ်၏ ပြိုင်ပွဲကြီးကြပ် တစ်ဦးဖြစ်သည့် ဦးသိန်းသန်းတိုးက ပေးအပ်ခဲ့သည်။ သန်းထက်အောင် အနေဖြင့် အကောင်းဆုံး ကစားသမားဆုကို မတ်နှင့် ဧပြီလ အတွက် ပူးတွဲချီးမြှင့်စဉ်ကလည်း ရရှိထားခဲ့ဖူးရာ နှစ်ကြိမ်ဆက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Photo : Shan Utd FB

အကောင်းဆုံး နည်းပြအဖြစ်ကိုမူ ရှမ်းယူနိုက်တက် အသင်း နည်းပြချုပ်သစ် မစ္စတာ မာယန်အား ပေးအပ်ခဲ့သည်။ မစ္စတာ မာယန်သည် ရှမ်းယူနိုက်တက် အသင်းကို မေလနှင့် ဇွန်လအတွင်း ကစားခဲ့သည့် ပွဲစဉ် ငါးပွဲ၌ လေးပွဲအနိုင်ရကာ ၁ ပွဲသရေကျအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ အနိုင်ရခဲ့သည့် အသင်းများထဲတွင် မကွေး၊ ဧရာဝတီ၊ ရတနာပုံ စသည့် အသင်းကြီးများ ပါဝင်ခဲ့ပြီး ယင်းကဲ့သို့ ရလဒ်ကောင်းများ ရယူနိုင်ခဲ့သောကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ အသင်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့သည်။ မေလနှင့် ဇွန်လ အတွက် အကောင်းဆုံး နည်းပြဆုကို ရှမ်းယူနိုက်တက်နှင့် ဂျီအက်ဖ်အေ အသင်းတို့ ပွဲစဉ် ကျင်းပမည့် တောင်ကြီးအားကစားကွင်း အတွင်း၌ ပွဲမစခင် ပေးအပ်ခဲ့ပြီး MPT မှ Regional Manager ဦးမျိုးထွန်း က ပေးအပ် ခဲ့ခြင်းဖြစ်သည်။