မြ၀တီနှင့်ပွဲသည် အသင်းအတွက် အရေးကြီးဆုံးပွဲဟု ရခိုင်ယူနိုက်တက် နည်းပြ ပြော

July 4, 2018

ရခိုင်ယူနိုက်တက်အသင်းသည် (Week-19) ပွဲစဉ်အဖြစ် လာမည့် ဇူလိုင် ၆ ရက်တွင် မြ၀တီအက်ဖ်စီအသင်းနှင့် ဆက်လက်ကစားရမည် ဖြစ်ပြီး အဆိုပါပွဲစဉ်သည် အသင်းအတွက် အရေးကြီးပွဲစဉ်တစ်ပွဲဖြစ်ကြောင်း ရခိုင်ယူနိုက်တက်အသင်းနည်းပြ ဦးစိုးသိန်းက ပြောခဲ့သည်။

လက်ရှိတွင် ရခိုင်ယူနိုက်တက်အသင်းသည် ငါးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သည့်အတွက် အဆင့် ၉ နေရာတွင် ရပ်တည်နေရပြီး တန်းဆင်းဇုန်အတွင်းမှ GFA FC အသင်းနှင့် ရမှတ် လေးမှတ်သာ ကွာဟနေသည်။ ” မြ၀တီနဲ့ပွဲက အသင်းအတွက် အရေးကြီးဆုံးပွဲပါ။ အကောင်းဆုံးကြိုးစားပြီး မဖြစ်မနေ အနိုင်ရအောင် ကစားမယ်။ အခု စစ်ကိုင်းနဲ့က သုံးမှတ်ဟနေတယ်။ တန်းဆင်းဇုန်ထဲက GFA နဲ့က လေးမှတ်ပဲ ကွာဟနေတာဖြစ်လို့ မြ၀တီနဲ့ပွဲကို အနိုင်ရအောင် ကစားသွားမှာပါ” ဟု ရခိုင်ယူနိုက်တက်အသင်းနည်းပြ ဦးစိုးသိန်းက ပြောခဲ့သည်။

ရခိုင်ယူနိုက်တက်အသင်းနှင့် ကစားမည့် မြ၀တီအက်ဖ်စီအသင်းသည် ရမှတ် နှစ်မှတ်ဖြင့် အဆင့် ၁၂ နေရာတွင် ရပ်တည်နေသည့် အသင်းဖြစ်သည်။ မြ၀တီအက်ဖ်စီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားမည့်ပွဲစဉ်ကို လာမည့် ဇူလိုင် ၆ ရက်၊ ညနေ ၄း၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါနှစ်သင်းတွေ့ဆုံသည့် ပထမအကျော့တွင် ရခိုင်ယူနိုက်တက်အသင်းက ၂-၁ ဂိုး ဖြင့် အနိုင်ရထားသည်။