မြန်မာဒါဘီနဲ့အတူ လက်မလွှတ်တမ်း စောင့်ကြည့်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၉) ပွဲစဉ်များ

July 5, 2018

MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို အပတ်စဉ် ပွဲကောင်းတွေနဲ့ ကျင်းပလျှက် ရှိရာမှာ ဒီတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေနဲ့ အတူ ဆက်လက် ကျင်းပသွားဖို့ ရှိနေပါတယ်။ ပြိုင်ပွဲက ပြီးဆုံးဖို့ နီးလာပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာရော တန်းမဆင်းရရေး ပြိုင်ဆိုင်မှုတွေမှာပါ ပြတ်သားတဲ့ အဖြေတစ်ရပ် ထွက်ပေါ်လာခြင်း မရှိသေးတဲ့ အတွက် လက်ကျန်ပွဲတွေ အားလုံးက ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမှာ ဖြစ်ပါတယ်။ ခုတစ်ပတ်မှာ အမှတ်ပေး ချန်ပီယံဆုအတွက် အမှားမခံစတမ်း ယှဉ်ပြိုင်နေရတဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက် အသင်းတို့ဟာ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်က အဝေးကွင်းမှာ မဟာပြိုင်ဘက် ရတနာပုံကို ရင်ဆိုင်ရမှာ ဖြစ်ပြီး ရှမ်းယူနိုက်တက်ကလည်း ခြေစွမ်းမာတဲ့ ဆောက်သမ်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ စစ်ကိုင်းယူနိုက်တက်က ဧရာဝတီ ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံရမှာ ဖြစ်ပြီး စစ်ကိုင်းယူနိုက်တက် ကတော့ ဧရာဝတီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

မြဝတီ – ရခိုင်ယူနိုက်တက်

ဇူလိုင် ၆၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်း၊ Live on For Sports and MRTV Sports

တန်းဆင်းသွားပြီ ဖြစ်တဲ့ မြဝတီအတွက် ဒီပွဲက ဂုဏ်သိက္ခာပိုင်းအရ အရေးပါကောင်း ပါနိုင်ပေမယ့် ရခိုင်ယူနိုက်တက် အတွက်ကတော့ အရမ်းကို အရေးပါတဲ့ ပွဲပဲဖြစ်ပါတယ်။ ရခိုင်ယူနိုက်တက်ဟာ နောက်ပိုင်းပွဲတွေမှာ ဆက်တိုက် ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဇယားအလယ်ပိုင်းကနေ တန်းဆင်းဇုန် အထက်နားထိ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ယူနိုက်တက် အနေနဲ့ တန်းမဆင်းလိုဘူး ဆိုရင်တော့ လက်ကျန်ပွဲတိုင်းမှာ ရမှတ်တွေကို ရနိုင်သဘောက် စုဆောင်းထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အမှတ်မလိုတဲ့ မြဝတီနဲ့ လာတွေ့တာက ကံကောင်းတာ ဖြစ်ပြီး အောက်က စစ်ကိုင်းကလည်း ဧရာဝတီနဲ့ ပွဲကြပ်ကြုံနေတာကြောင့် ဒီပွဲကို မဖြစ်မနေ အနိုင်ကစားပြီး ရမှတ်စုဆောင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီပွဲကို ရုပ်သံကနေ တိုက်ရိုက်ပြသသွားမှာ ဖြစ်ပြီး For Sports ရုပ်သံလိုင်းနဲ့ MRTV Sports ရုပ်သံလိုင်းတွေကနေ ပြသပေးသွားမှာ ဖြစ်ပါတယ်။

 

စစ်ကိုင်းယူနိုက်တက် – ဧရာဝတီ ယူနိုက်တက်

ဇူလိုင် ၇၊ ညနေ ၃း၃၀၊ မုံရွာကွင်း၊ Live Stream on MNL Facebook Page

တန်းဆင်းဇုန်နဲ့ ဝေးအောင် ရုန်းနေရတဲ့ စစ်ကိုင်းယူနိုက်တက် အတွက် ဒီလိုအချိန်မှာ အသင်းကြီးတွေဆိုတာ မတွေ့ချင်ဆုံး ပြိုင်ဘက် ဖြစ်မယ် ထင်ပါတယ်။ စစ်ကိုင်းယူနိုက်တက် ဧရာဝတီလို အသင်းကြီးမျိုးနဲ့ ဒီအချိန်မှာ တွေ့တာဟာ ကံဆိုးတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကောင်းဘက်က မြင်ကြည့်ရင်တော့ တန်းဆင်းဖို့လည်း မပူရ၊ ချန်ပီယံဆုအတွက်လည်း မျှော်လင့်လို့ မရတော့တဲ့ အနေအထားက အသင်းတစ်သင်းနဲ့ တွေ့တာဟာ ရမှတ်တွေ ရယူနိုင်ဖို့ အခွင့်ကောင်းလို့ ယူဆနိုင်ပါတယ်။ စစ်ကိုင်းက ပြီးခဲ့တဲ့ အပတ်တုန်းက ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ တစ်ဂိုးကြောင့် ဇွဲကပင်ကို ရှုံးခဲ့ပေမယ့် ခြေစွမ်းမညံ့ခဲ့ပါဘူး။ ဧရာဝတီကတော့ ပြီးခဲ့တဲ့ အပတ်မှာ အမှတ်ပေးဇယား အောက်ဆုံးက မြဝတီကို နိုင်လိုက်တာကြောင့် နှစ်ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။ ဒါပေမဲ့ ဧရာဝတီရဲ့ ခြေက ယုံကြည်လို့ မရတာရယ်၊ စစ်ကိုင်း အသည်းအသန် ရုန်းမှာရယ်ကြောင့် စစ်ကိုင်းယူနိုက်တက် အတွက် အခွင့်အရေး ရှိတယ်လို့ ထင်မိပါတယ်။ ဒီပွဲကို Live Stream ပြသပေးသွားမှာ ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ဖေ့ဘုတ်ပေ့ခ်ျမှာ စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

 

ဇွဲကပင် ယူနိုက်တက် – မကွေး

ဇူလိုင် ၇၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်း၊ Live On For Sports and MRTV

နောက်ထပ် ပွဲကောင်းတစ်ပွဲပါ။ ဇွဲကပင်က ခြေတက်လာသလို ရလဒ်တွေလည်း မဆိုးပါဘူး။ နောက်ဆုံးငါးပွဲမှာ သုံးပွဲနိုင်ထားပါတယ်။ မကွေးကတော့ ရလဒ်ပိုင်း တောက်လျှောက် ထိုးကျနေတဲ့ အသင်းပါ။ နောက်ဆုံးငါးပွဲ နိုင်ပွဲလုံးဝ မရှိပါဘူး။ ဒီငါးပွဲမှာ တစ်မှတ်ပဲ ရထားပါတယ်။ ပြီးခဲ့တဲ့ ရန်ကုန်နဲ့ ပွဲမှာတော့ ခြေစွမ်းမဆိုးပေမယ့် တိုက်စစ်ပိုင်း ဂိုးပေါက်ပျောက်တာရယ်၊ ပြိုင်ဘက်က အသင်းကောင်း ဖြစ်နေတာရယ်ကြောင့် ရလဒ်ဆိုးရတာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရလဒ်ကောင်း ပြန်ယူနိုင်ဖို့ အားထုတ်လာမယ်လို့ ထင်ရပါတယ်။ နှစ်သင်းလုံးက အသင်းလိုက် ကစားအားကို ဦးစားပေးတဲ့ အသင်းတွေ ဖြစ်တဲ့ အပြင် တိုက်စစ်ဦးစားပေး ကစားတဲ့ အသင်းတွေ ဖြစ်လို့ ကြည့်ကောင်းမယ့် ပွဲပါ။ အပြန်အလှန် ဂိုးတွေ သွင်းပြီး သရေကျသွားဖို့တော့ များနေပါတယ်။ ဒီပွဲကို For Sports and MRTV ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ပြသသွားမှာပါ။

 

ရှမ်းယူနိုက်တက် – ဆောက်သမ်းမြန်မာ

ဇူလိုင် ၈၊ ညနေ ၃း၃၀၊ တောင်ကြီးကွင်း၊ Live Stream on MNL Facebook Page

ချန်ပီယံဆုအတွက် ရန်ကုန်ကို ဖိအားပေးနိုင်ဖို့ ရှမ်းယူနိုက်တက် ကတော့ ဒီပွဲကို အနိုင်ကစားမှာ သေချာပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ပတ်က ဂျီအက်ဖ်အေနဲ့ ပွဲမှာတော့ ထင်တိုင်းမပေါက်ခဲ့ဘဲ ဂျီအက်ဖ်အေရဲ့ ရုန်းအားကြောင့် အတော်လေး အားစိုက်ခဲ့ရပြီး ပွဲပြီးကာနီးမှ ဂိုးရခဲ့တာ တွေ့ရပါတယ်။ ရလဒ်ကောင်းတွေ တောက်လျှောက် ရခဲ့တဲ့ ဆောက်သမ်းကတော့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ပြန်ပြီး ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။ ဒီတစ်ပတ်မှာလည်း ချန်ပီယံဆုအတွက် ဖိအားရှိနေတဲ့ အသင်းကြီးတစ်သင်းကို သူတို့ရဲ့ ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်လို့ ရုန်းကန်ရမှာတော့ အသေအချာပါပဲ။ ဒီနှစ်သင်း ပထမအကျော့မှာ တွေ့တုန်းကတော့ ဆောက်သမ်းက အနိုင်ယူထားပါတယ်။ ရှမ်းက ချန်ပီယံဆုအတွက် အားကုန်ထုတ်လာမှာ ဖြစ်သလို ဆောက်သမ်းကလည်း ရာသီကုန်မှာ ရပ်တည်ချက် မြင့်မားဖို့အတွက် အားစိုက်ကစားမှာ ဖြစ်လို့ ပွဲကောင်းတစ်ပွဲကို ကြည့်ရှုခွင့် ရဖို့တော့ သေချာနေပါတယ်။ ဒီပွဲကို မြန်မာနေရှင်နယ်လိဂ် ဖေ့ဘုတ် စာမျက်နှာကနေ တိုက်ရိုက် Live Stream ပြသပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

ဂျီအက်ဖ်အေ – ဟံသာဝတီ ယူနိုက်တက်

ဇူလိုင် ၈၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်း၊ Live Stream on MY SPORTS

တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ အတွက် ဂျီအက်ဖ်အေတို့ အစွမ်းကုန် ကြိုးစားနေပေမယ့် ခုချိန်ထိတော့ မလွတ်မြောက် နိုင်သေးပါဘူး။ ခြေစွမ်းပိုင်းကတော့ အတော်လေး ပြန်တက်လာပြီး တိုက်ပွဲဝင်စိတ် အတော်လေး ကောင်းတာ တွေ့ရါပတယ်။ ပွဲတိုင်းကို ကြိုးကြိုးစားစားနဲ့ ကစားနေပြီး တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ ရုန်းကန်နေတာ တွေ့ရပါတယ်။ ဟံသာဝတီကတော့ ရလဒ် ကောင်းလိုက်၊ ဆိုးလိုက်ပါပဲ။ တန်းဆင်းဇုန်နဲ့ ဝေးနေတဲ့ အတွက်လည်း ဖိအားတော့ နည်းနေပါတယ်။ ဒီ့အတွက် ဒီပွဲမှာ ဂျီအက်ဖ်အေကို ယှဉ်ကစားနိုင်ပါ့မလား သံသယ ရှိမိပါတယ်။ ဂျီအက်ဖ်အေရဲ့ တန်းဆင်းဇုန် ပြိုင်ဘက် စစ်ကိုင်းယူနိုက်တက် ကလည်း ဒီတစ်ပတ်မှာ ဧရာဝတီနဲ့ တွေ့ရတာ ဖြစ်လို့ အဲဒီက ရလဒ်ကို အခွင့်ကောင်းယူနိုင်ဖို့ အစွမ်းကုန် အားထုတ်လာဖို့လည်း ရှိနေပါတယ်။ ခုပွဲကို MY SPORTS စာမျက်နှာကနေ တိုက်ရိုက် Live Stream ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပါတယ်။

 

ရတနာပုံ – ရန်ကုန် ယူနိုက်တက်

ဇူလိုင် ၈၊ ညနေ ၄း၀၀၊ မန္တလာသီရိကွင်း၊ Live on For Sports and MRTV

ရတနာပုံ ရလဒ်တွေ တောက်လျှောက် ကျဆင်းနေပေမယ့် ရန်ကုန်နဲ့ ပွဲအမီ ခြေစွမ်းပြန်တက်လာတာ တွေ့ရပါတယ်။ ရန်ကုန်ကတော့ ခြေစွမ်းပိုင်း အကောင်းကြီး မဟုတ်ပေမယ့် ရပ်တည်နေတဲ့ နေရာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုတော့ ရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ခုတစ်ကြိမ် တွေ့ဆုံမှုက အရင်အကြိမ်တွေလို ချန်ပီယံဆုအတွက် ဖိအားတွေ အပြိုင်ရှိမနေပေမယ့် တစ်သင်းနဲ့ တစ်သင်း အနိုင်မခံ အရှုံးမပေးချင်တဲ့ စိတ်ကြောင့် ကြည့်လို့ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာဦးမှာ သေချာနေပါတယ်။ ရန်ကုန်က လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတယ် ဆိုပေမယ့် ဒုတိယနေရာက ရှမ်းကို ၂ မှတ်သာ ခွာထားနိုင်တာကြောင့် အမှားအယွင်းမခံနိုင်တာမို့ ဒီပွဲမှာ သုံးမှတ်အပြည့်ရဖို့ ဦးတည်လာမှာ သေချာပါတယ်။ ရတနာပုံကလည်း သူတို့ရဲ့ မဟာပြိုင်ဘက်ကို ချန်ပီယံ လမ်းကြောင်းပေါ်ကနေ ဆွဲချဖို့ အားထုတ်မှာပါ။ ဒီပွဲကို MRTV ရုပ်သံလိုင်းနဲ့ For Sports ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။