မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပလျှက် ရှိသည့် MPT Myanmar National League (U-18) 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်၌ သရေပွဲနှင့် ရှုံးပွဲ လုံးဝမရှိထားသည့် ဒဂုံ ယူ-၁၈ အသင်းမှာ ရမှတ် ၂၇ မှတ် ရယူထားနိုင်ပြီ ဖြစ်သောကြောင့် ဒုတိယနေရာမှ တက္ကသိုလ် ယူ-၁၈ အသင်းနှင့် ၉ မှတ်ထိ ကွာဟလျှက် ရှိရာ ချန်ပီယံဆုကို ရာသီ မကုန်မီမှာပင် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် – ၂ မှ ပြိုင်ပွဲဝင် အသင်းများ၏ လူငယ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေကြသည့် မြန်မာနေရှင်နယ်လိဂ်၏ အငယ်ဆုံး သက်တမ်းလိုက် ပြိုင်ပွဲဖြစ်သည့် ယူ-၁၈ လူငယ်လိဂ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး ဒဂုံ ယူ-၁၈ အသင်းက ပွဲတိုင်းကို အနိုင်ကစားကာ ရှုံးပွဲမရှိဖြင့် ချန်ပီယံ ဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဒဂုံ လူငယ် ယူ-၁၈ အသင်းသည် အမှတ်ပေးပွဲ ၉ ပွဲအပြီးတွင် သွင်းဂိုးပေါင်း ၅၆ ဂိုးထိ ရယူနိုင်ခဲ့ရာ တစ်ပွဲပျမ်းမျှ သွင်းဂိုး ၆ ဂိုးအထက် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ပေးဂိုး ၆ ဂိုးသာ ရှိခဲ့သည်။ လက်ရှိတွင် ဒဂုံ လူငယ် ယူ-၁၈ အသင်း တိုက်စစ်မှူး ရဲဟန်ကိုကိုနှင့် ကျော်ဝဏ္ဏထွန်း တို့က ယူ-၁၈ လိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းကို ဦးဆောင်လျှက် ရှိနေပြီး ရဲဟန်ကိုကိုက ၁၉ ဂိုး သွင်းယူထားကာ ကျော်ဝဏ္ဏထွန်းက ၁၆ ဂိုး အသီးသီး သွင်းယူပေးထားသည်။
ယူ-၁၈ လူငယ်လိဂ် ပြိုင်ပွဲ၏ ရာသီသိမ်း ပွဲစဉ်ကို လာမည့် ဇူလိုင် ၁၁ ရက်တွင် ပဒုမ္မာကွင်း၊ တက္ကသိုလ်ကွင်းနှင့် စလင်းကွင်းများတွင် တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ရာ ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားကြမည့် ရွိုင်ရယ်သန်လျှင် အသင်းနှင့် ဒဂုံ အသင်းတို့၏ ပွဲစဉ် အပြီးတွင် ဆုပေးအပ်ပွဲကို တစ်ဆက်တည်း ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။