MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီယူနိုက်တက် အသင်းသည် လာမည့် ဇူလိုင် ၁၄ ရက်၊ ပဲခူး Grand Royal Stadium တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲတွင် ဟံသာဝတီအသင်း၏ အဓိကတိုက်စစ်မှူး ဂျိုးဇက်သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
ဟံသာဝတီအသင်း တိုက်စစ်မှူး ဂျိုးဇက်သည် အသင်း၏ အားကိုးရသည့် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အသင်းအတွက် သွင်းဂိုး ၁၃ ဂိုး သွင်းယူပေးထားသည်။ တိုက်စစ်မှူး ဂျိုးဇက်သည် GFA FC အသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် တိုက်ရိုက် အနီကတ် ပြခံရသည့်အတွက် ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်အား လွဲချော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဟံသာဝတီ အသင်းသည် ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ရမှတ် ၄၀ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပထမအကျော့ တွေ့ဆုံမှုတွင် ရှမ်းယူနိုက်တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ဇူလိုင် ၁၄ ၊ ညနေ ၃း၃၀၊ ပဲခူးမြို့၊ Grand Royal ကွင်းတွင် ကစားမည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်အား My Sports(MNL Web TV) Facebook Page မှ တိုက်ရိုက် ပြသပေးမည်ဖြစ်သည်။
ထို့ပြင် ဟံသာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့သည် General Aung San Shield 2018 ရှုံးထွက် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင် နယ်အဆင့်တွင်လည်း ထပ်မံ တွေ့ဆုံနေပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကြိမ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။