MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၉ ၏ ပွဲစဉ်တစ်ပွဲ အဖြစ် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က မန္တလေးမြို့ မန္တလာသီရိကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရတနာပုံ အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်လိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း အရေးယူမှုများ ပြုလုပ်ခဲ့သည်။
(က) ရတနာပုံ အသင်းမှ (၂)ဝါ (၁)နီ ဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသည့် ကျောနံပါတ် (၁၉) လှိုင်းဘိုဘိုသည် ကွင်းအတွင်းသို့ ဝင်ရောက်လာကာ ဒိုင်လူကြီးအား ကြမ်းတမ်းစွာ ပြောဆိုခဲ့သဖြင့် MPT Myanmar National League I & II Regulations 2018 အပိုဒ် ၆ (က) (ခ) (ဂ) (ဆ) နှင့် အပိုဒ် ၃၂ (ခ) တို့ကို ကျူးလွန်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး (၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် သုံးသိန်း ပေးဆောင်ရန်။
(ခ) ရတနာပုံ အသင်းမှ ၎င်းနေ့ပွဲစဉ် ကစားသမားစာရင်းတွင် မပါဝင်သော ကျောနံပါတ် ၃၀ နေမျိုးအောင်သည် ဒေါသအမျက်ထွက်ပြီး ရန်ပြုမည့် အမူအယာဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်လာသဖြင့် ပြိုင်ပွဲကြီးကြပ်သူမှ မဝင်ရန် ပြောကြားသည်ကို ပြိုင်ပွဲကြီးကြပ်သူအား ရိုင်းပြစွာ ပြန်လည် ပြောဆိုခဲ့သဖြင့် MPT Myanmar National League I & II Regulations 2018 အပိုဒ် ၆ (က) (ခ) (ဂ) (ဆ) နှင့် အပိုဒ် ၃၂ (ခ) တို့ကို ကျူးလွန်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး ၃ ပွဲပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် သုံးသိန်း ပေးဆောင်ရန်။
(ဂ) ပြိုင်ပွဲပြီးဆုံးချိန်တွင် ရတနာပုံ အသင်းမှ ကျောနံပါတ် ၉ ရှိုင်းသူရသည် အရံကစားသမား ထိုင်ခုံနှင့် ကြက်ခြေနီ ထိုင်ခုံများကို ခြေထောက်ဖြင့် ကန်/ရိုက် ချိုးခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၅ နှင့် ၁၆ အရ အနီးစပ်ဆုံး (၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် သုံးသိန်း ပေးဆောင်ရန်။
(ဃ) ရတနာပုံ အသင်းမှ ကျောနံပါတ် ၅၆ ဂိုးသမား ပြည့်လျှံအောင်သည် ဒိုင်လူကြီးအား မခြေမငံ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခဲ့ကြောင်း တွေ့ရှိရသဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၁ နှင့် ၁၆ အရ အနီးစပ်ဆုံး (၁) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် တစ်သိန်း ပေးဆောင်ရန်။
(င) ရတနာပုံ အသင်းမှ အသင်းအုပ်ချုပ်သူ ဦးရန်ပိုင်သည် အကူဒိုင်လူကြီး (၂)အား ရန်မူလိုသည့် သဘောဖြင့် ဆက်ဆံခဲ့ခြင်း မဟုတ်ကြောင်း သိရှိရသော်လည်း တာဝန်ရှိဒိုင်လူကြီးအား လည်ပင်းဖက်၍ ဆွဲခေါ်သွားခြင်းမှာ မပြုအပ်သဖြင့် နောက်နောင် ဒိုင်လူကြီးများကို လေးစားစွာ ဆက်ဆံရန်နှင့် နောက်နောင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း အတိုင်း အရေးယူ ဆောင်ရွက်သွားမည်။
(စ) အိမ်ရှင် ရတနာပုံအသင်းအား MPT Myanmar National League I & II Regulations 2018 အပိုဒ် ၆ (က)နှင့် (ဆ) တို့ကို ကျူးလွန်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၅) အရ ဒဏ်ကြေးငွေကျပ် ဆယ်သိန်း ပေးဆောင်စေရန်။
(ဆ) ရတနာပုံအသင်း အုပ်ချုပ်နည်းပြ အဖွဲ့ဝင်များ အနေဖြင့် MPT Myanmar National League I & II Regulations 2018 အပိုဒ် ၆ နှင့် ၇ တို့ပါ ညွှန်ကြားချက်အတိုင်း ပြုမူဆောင်ရွက်နိုင်ရေး အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်။
(ဇ) ရန်ကုန်ယူနိုက်တက် အသင်းမှ ကျောနံပါတ် (၄၄) မွန်ကာလူးသည် ရတနာပုံ အသင်းမှ ကျောနံပါတ် (၂၉) ဝင်းနိုင်စိုးအား တံတောင်ဖြင့်တိုက်ကာ ကြမ်းတမ်းစွာ ပြုမူဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာ စိစစ်တွေ့ရှိရသဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၂) အရ အနီးစပ်ဆုံး (၂)ပွဲ ပါဝင် ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ နှစ်သိန်း ပေးဆောင်ရန်။
(ဈ) ၎င်းနေ့ တာဝန်ကျ ကွင်းလယ်ဒိုင်လူကြီး၏ ပွဲအတွင်း ဆုံးဖြတ်ဆောင်ရွက်ချက်များမှာ အားနည်းခြင်း၊ ပြတ်သားမှု မရှိခြင်းတို့ကို စိစစ်တွေ့ရှိခဲ့ရပါသည်။ ဤကဲ့သို့ မပြတ်သားသော ဆုံးဖြတ်ချက် အားနည်းမှုများကြောင့် မလိုလားအပ်သော ကိစ္စရပ်များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဒိုင်လူကြီး ကော်မတီမှ ၎င်းဒိုင်လူကြီးအား ထိရောက်စွာ အရေးယူသွားရန်နှင့် အရေးယူဆောင်ရွက်ချက်များကို ပြန်လည် အကြောင်းကြားပေးရန်။