မည်သည့်ပွဲမဆို အမှားအယွင်း တစ်စုံတစ်ရာမရှိကိုင်တွယ်ကြီးကြပ်နိုင်အောင် ပိုမိုပြင်ဆင်ကြိုးစားကြရန် တိုက်တွန်းမှာကြား
ကျင်းပလျှက် ရှိသည့် ၂၀၁၈ MPT Myanmar National League အမှတ်ပေး ဘောလုံးပြိုင်ပွဲများကို ကိုင်တွယ်လျှက် ရှိသည့် ဒိုင်လူကြီးများနှင့် MNL CEO တို့ ယမန်နေ့ (ဇူလိုင် ၁၁) မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြပြီး CEO ဦးစိုးမိုးကျော်က ပြိုင်ပွဲများ ကိုင်တွယ်ရာတွင် ဆောင်ရန် ရှောင်ရန်များကို သတိပေး ပြောကြားကာ ပွဲစဉ်တိုင်းကို အရေးကြီးပွဲစဉ်ဟုမှတ်ယူပြီး အမှားအယွင်း နည်းပါးစွာဖြင့် အကောင်းဆုံး ကိုင်တွယ်နိုင်ရန် အစွမ်းကုန် ကြိုးစားရန် လိုအပ်ကြောင်း ဆွေးနွေး မှာကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဌဦးဝင်းချို၊ ဒိုင်လုပ်ငန်း ဌာန တာဝန်ခံ ဦးထွန်းလှအောင်၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးဟောင်း တစ်ဦးဖြစ်သည့် မြန်မာနေရှင်နယ်လိဂ် ကလပ်လိုင်စင် ကနဦး စိစစ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်အောင်(ဂိုး)နှင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် တာဝန် ထမ်းဆောင်လျှက် ရှိသည့် ဒိုင်ကြီးကြပ်များ၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် အကူဒိုင်များ တက်ရောက်ကြသည်။
ဦးစိုးမိုးကျော်က ပြောကြားရာတွင် “ဒိုင်လူကြီးဆိုသည်မှာ ပြိုင်ပွဲတစ်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် အလွန် အရေးပါသည့် ပုဂ္ဂိုလ်များဖြစ်သည့် အတွက် King of the Match ဟု တင်စားကြကြောင်း၊ ဒိုင်၏ ဆုံးဖြတ်ချက်ဖြင့်သာ မောင်းနှင်နေရသည့် ပြိုင်ပွဲတစ်ရပ်တွင် ဒိုင်ဖြစ်သူ၏ ဆုံးဖြတ်ချက်များမှာ အမြဲတမ်းဥပဒေနှင့် အညီ တရားနည်းလမ်း ကျနမှန်ကန်ပြီး ဘက်လိုက်မှု ကင်းရှင်းသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ ဒိုင်လူကြီးများအတွက် ပွဲကြီး/ပွဲငယ်၊ အသင်းကြီး/အသင်းငယ်၊ အိမ်ကွင်း/အဝေးကွင်း မရှိရဘဲ ပွဲတိုင်းကို အရေးကြီးသည့်ပွဲ၊ အမှားလုပ်မိ၍ မရသည့်ပွဲဟု ခံယူသတ်မှတ်ပြီး ဥပဒေနှင့် အညီ သမာသမတ်ကျကျ မှန်မှန်ကန်ကန် ကိုင်တွယ်ကြီးကြပ်ဖို့ လိုအပ်ပါကြောင်း၊ မည်သည့် အခြေအနေတွင်မဆို မိမိ ကိုင်တွယ်ကြီးကြပ် ရသည့် ပွဲစဉ်ကို အမှားအယွင်း တစ်စုံတစ်ရာမရှိအောင် ဖြောင့်မှန်စွာ အကောင်းဆုံး ကိုင်တွယ် တာဝန်ယူနိုင်မှသာ အများက လေးစားအသိအမှတ်ပြုသည့် ဒိုင်လူကြီးကောင်းများ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့သော ဒိုင်လူကြီးကောင်းများ ဖြစ်လာနိုင်ရန် ဘောလုံးနှင့် ပါတ်သက်သည့် Laws of the Games ကို ကျေညက်စွာ သိရှိကျွမ်းကျင်နေရန် လိုအပ်သည့် အပြင် ဒိုင်လူကြီးကောင်း တစ်ယောက်တွင် ရှိရမည့် အရည်အချင်းမျိုး၊ အပြုအမူအနေအထိုင်မျိုး ရှိနေရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်နိုင်ရန်မှာ အပြောလွယ်သလောက် တကယ် လုပ်နိုင်ရန် မလွယ်ကူပါကြောင်း၊ ဘောလုံးဒိုင်လူကြီး အလုပ်မှာ အလွန်ဖိအား များပြီး စိန်ခေါ်မှုများစွာ ရှိသည့် အလုပ် ဖြစ်သည့် အပြင် တော်ရုံစိတ်ဓါတ် စိတ်ရှည်သည်းခံနိုင်မှုဖြင့် ကြိုးစားနိုင်ရုံနှင့် မဖြစ်နိုင်ကြောင်း၊ လူတိုင်းလည်း မလုပ်နိုင်ကြောင်း၊ လုပ်ချင်သူလည်း များစွာမရှိကြောင်း၊ မိမိတို့လိဂ်ပွဲများတွင် တာဝန်ထမ်းဆောင် ရသည့် ဒိုင်လူကြီးများ၏ အလုပ်ကလည်း အမြဲတမ်း စိန်ခေါ်မှု အခက်အခဲများ ရှိနေတတ်သည်ကို နားလည်ပါကြောင်း၊ မိမိတို့ဒိုင်များက မည်မျှပင် အကောင်းဆုံး ကိုင်တွယ်တာဝန်ယူ စေကာမူ အသင်းများ၏ ဖိအား၊ ပရိသတ်များ၏ ဖိအားများကြောင့် တခါတရံတွင် ဆုံးဖြက်ချက် မပြတ်မသား ဖြစ်ခြင်း၊ ဥပဒေအတိုင်း တိကျပြတ်သားစွား မဆောင်ရွက်နိုင်ခဲ့ခြင်း များကို ပွဲစဉ်အချို့တွင် တွေ့မြင် နေရကြောင်း၊ မည်သို့သော အခြေအနေ တွင်မဆို မိမိတာဝန်ယူရသည့် ပွဲကို ပြဿနာ တစ်စုံတစ်ရာ မရှိပဲ အကောင်းဆုံး ကိုင်တွယ်ကြီးကြပ် တာဝန်ယူနိုင်သည့် အရည်အချင်းမျိုး ရှိနေအောင် အစဉ်အမြဲ ကြိုးစားနေရမည် ဖြစ်ကြောင်း၊ ဒိုင်လူကြီးများ သည်လည်း လူသားများပင် ဖြစ်သည့် အတွက် တခါတရံ အားနည်းချက် အမှားလေးများ ပြုလုပ်မိတတ် သည်ကို နားလည်ပါကြောင်း၊ လက်ရှိ ဖီဖာကမ္ဘာ့ဖလားပွဲတွင် တာဝန်ယူနေသည့် ဒိုင်လူကြီးများလည်း အမှားတချို့ လုပ်မိနေကြသည်ကို တွေ့နေကြရကြောင်း၊ ထို့ကြောင့် ဒိုင်လူကြီးတစ်ဦး အနေဖြင့် ၎င်းကိုင်တွယ်ရသည့် ပွဲစဉ်တစ်ခုကို ၉၅%လောက် မှန်ကန်စွာ အကောင်းဆုံး ကိုင်တွယ်ထိန်းကြောင်းနိုင် နေပြီးမှ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် ပွဲချိန်တစ်ခုအတွင်း သို့မဟုတ် ပွဲပြီးခါနီးတွင် ဆုံးဖြတ်ချက် အမှားတစ်ခု (သို့) မပြတ်သားသည့် ဆုံးဖြက်ချက်လေးတစ်ခု ချမှတ်လိုက်မိ လျှင်လည်း တစ်ပွဲလုံး အကောင်းဆုံး တာဝန်ယူခဲ့သည့် Performance မှာ အလကား ဖြစ်သွားနိုင်ပြီး ဆိုင်ရာအသင်းများ၊ ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုခံ ရမည်သာ ဖြစ်ကြောင်း၊ မိမိမမျှော်လင့်သည့် အမှားလေးတစ်ခု အတွက် မထိုက်တန်သည့် ဝေဖန်ပြစ်တင် ရှုတ်ချမှုမျိုး တွေ့ကြုံလာပါက လူသားများပီပီ ထိခိုက် ခံစားကြရမည် ကိုလည်း နားလည်ပါကြောင်း၊ သို့သော် ဒိုင်လူကြီး ဖြစ်လာခဲ့ပါက ဤကဲ့သို့သော ခံစားချက်မျိုး မဖြစ်မနေကြုံတွေ့ခံစားရမည် ဖြစ်သည့်အတွက် စိတ်ရှည် သည်းခံစိတ်မွေးပြီး နောက်နောင် အလားတူ အမှားမျိုး လုံးဝ မရှိစေရအောင် ကြိုးစားနေရန် လိုအပ်ပါကြောင်း” ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ CEO ဦးစိုးမိုးကျော်က “တစ်နေ့တစ်ခြား ပြိုင်ဆိုင်မှု ပြင်းထန်လာသော ဘောလုံး ပြိုင်ပွဲများတွင် ဒိုင်လူကြီးများ၏ အလုပ်သည် ပိုမိုခက်ခဲပြီး စိန်ခေါ်မှုများလည်း ကြုံတွေ့နေရစမြဲ ဖြစ်ပါကြောင်း၊ မိမိတို့ ဒိုင်လူကြီးများ အနေဖြင့် ဘောလုံး ဥပဒေများနှင့် အညီ ပွဲကို အကောင်းဆုံးကိုင်တွယ် ကြီးကြပ်နေ သော်လည်း နှစ်ဖက် အသင်း(သို့) တစ်သင်းသင်းမှ ကစားသမားများ (သို့) အသင်း တာဝန်ရှိသူ တစ်ဦးဦးက ဘောလုံးဥပဒေကို သိပ်နားမလည်၍ ဖြစ်စေ၊ ၎င်းတို့၏ အားနည်းချက် တစ်စုံတစ်ရာကို ဖြေဖျောက်စေလိုသည့် သဘောဖြင့် ဒိုင်လူကြီးအပေါ် အထင်လွဲ/အပြစ်ပုံချ ချင်၍ဖြစ်စေ၊ အနိုင်ရချင်စိတ် လွန်ကဲပြီး လိုအပ်သည်ထက် ပိုမိုကာ ဝေဖန်ကန့်ကွက် နေကြသည်များ ကိုလည်း မကြာခဏ တွေ့နေရသည့် အတွက် မိမိတို့ ဒိုင်လူကြီးများ အပေါ် ပြည်တွင်းပွဲအချို့တွင် လိုအပ်သည်ထက် ပိုမိုသည့် ဖိအားများ ဖြစ်ပေါ် စေသည်မျိုး ကိုလည်း တွေ့နေရပါကြောင်း၊ လူသားများဖြစ်သည့် အတွက် မိမိတို့ဒိုင်လူကြီးများ မှာလည်း တခါတရံ အားနည်းချက် အမှားများ ရှိနေတတ်သည်ကို နားလည်ပါကြောင်း၊ သို့သော် မိမိအမှားက သန့်ရှင်းသည့် အမှား၊ ဘက်မလိုက်သည့် အမှားမျိုး ဖြစ်မနေရန်တော့ လိုပါကြောင်း၊ တခါတလေတွင် ကစားသမားအချို့ကြောင့် ဖြစ်စေ၊ နည်းပြ/အုပ်ချုပ်သူ တစ်ဦးဦးကြောင့်ဖြစ်စေ ဆုံးဖြက်ချက် တွေဝေခြင်း၊ မပြတ်မသားဖြစ်ခြင်း မဖြစ်စေရန် စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ဘောလုံးဥပဒေနှင့် အညီသာ ရဲရဲတင်းတင်း ဆုံးဖြက်ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိ ဆောင်ရွက်ချက်သည် ဘောလုံးဥပဒေနှင့် ညီညွှတ်နေလျှက်နှင့် စောဒကတက်လာမှုများ ရှိလာခဲ့ပါကလည်း တည်ငြိမ် ကျွမ်းကျင်စွာဖြင့် နားလည်လက်ခံအောင် ရှင်းပြ ထိန်းကျောင်းတတ်ရန် လိုကြောင်း၊ သို့သော် မိမိ၏ မမျှော်လင့်သည့် အမှားတစ်ခု၊ စိတ်အထင်နှင့် မပြတ်မသား ဆုံးဖြက်လိုက်သည့် ဆုံးဖြတ်ချက် တစ်ခုအပေါ် မိမိက လိပ်ပြာသန့်သည် ဆိုသော်လည်း ခံရသည့် အသင်းအပေါ် များစွာ ဆုံးရှုံးထိခိုက်မှု တခါတရံ ရှိတတ်ပါကြောင်း၊ အသင်းများသည်လည်း အောင်မြင်မှုရချင်၍ ငွေ၊ အချိန်၊ လုပ်အား၊ သွေး၊ ချွေး များဖြင့် ပြင်ဆင်လေ့ကျင့် ကြိုးစားနေကြသည် ဖြစ်ရာ စာနာနားလည်စိတ် ရှိတတ်ရန် လိုကြောင်း၊ ထိုသို့ ပြောသည့် အတွက် မည်သည့် အသင်းကိုမျှ ဘက်လိုက် ဆောင်ရွက်ပေးရန် မလိုအပ်ကြောင်း၊ မိမိတို့ ဒိုင်လူကြီးများ အနေဖြင့် ဖိအားများနှင့် ဝေဖန်ခံရမှုများ မည်မျှပင် ရှိပါစေ ယင်းဖိအားများကို တွန်းအားများအဖြစ် ခံယူပြီး အမြဲပင် ကြိုးစားနေရမည် ဖြစ်ကြောင်း၊ မည်သို့သော အခြေအနေ အချိန်အခါ မျိုးတွင် ဖြစ်ပါစေ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သောကြောင့် ရဲရဲတင်းတင်း မှန်မှန်ကန်ကန် ဆုံးဖြက်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ သို့သော် ဒိုင်လူကြီးများ အမှားအယွင်း ပြုလုပ်ခဲ့ပါကလည်း ဒိုင်စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြတ်ပြတ်သားသား အရေးယူ ပြုပြင်ပေးရန် လိုပါကြောင်း၊ အဖွဲ့ချုပ် စည်း/ထိမ်းကော်မတီက ဒိုင်ရဲ့ဆုံးဖြက်ချက် အချို့အပေါ် မကျေနပ်လို့ ဥပဒေပ ကန့်ကွက်ပြုမူခြင်းများ ကိုသာ ဥပဒေနဲ့အညီ အရေးယူမှုများ ပြုလုပ်နေပြီး ဒိုင်များမှားယွင်းခဲ့ ပါကလည်း နောက်ထပ် မမှားရစေရန် ထိရောက်သည့် အရေးယူမှု ပြုလုပ်ရမည်သာ ဖြစ်ကြောင်း၊ မိမိမှားခဲ့ပါက မိမိအမှားကို သိပြီး နောက်ထပ်မမှားစေရေး ပြုပြင်ကြိုးစားရန် ဒိုင်များ အပါအဝင် အားလုံး၌ တာဝန်ရှိကြောင်း၊ မိမိတို့ ဒိုင်များနှင့် ပတ်သက်၍ ယခု အချိန်ထိတော့ တစ်သင်းသင်းကို ဘက်လိုက် ဆောင်ရွက်ပေးခြင်းမျိုး၊ သံသယ ကိစ္စမျိုး မတွေ့ရသေးပါကြောင်း၊ သို့သော် ယင်းကိစ္စမျိုး တစ်ချိန်ချိန်တွင် ပေါ်ပေါက်လာ၍ သေချာစုံစမ်းနိုင်ခဲ့ပါက မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမည်ကိုလည်း သိရှိစေလိုကြောင်း” ပြောကြားသွားခဲ့သည်။
ထို့နောက် MNL FIB ဥက္ကဌ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးဟောင်း ဦးတင်အောင်(ဂိုး)နှင့် MFF ဒိုင်ကော်မတီဥက္ကဌ ဦးဝင်းချို တို့ကလည်း မိမိတို့ ဒိုင်လူကြီးများ အနေနှင့် ပွဲတိုင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်သော နိုင်ငံတကာ အဆင့်မီ ဒိုင်လူကြီးကောင်းများ ဖြစ်ရန် အစွမ်းကုန် ကြိုးစားရန် တိုက်တွန်းပြောကြား ခဲ့ကြသည်။