GFA FC နှင့်ပွဲတွင် ရတနာပုံအသင်းမှ ရဲကိုဦးနှင့် လှိုင်းဘိုဘို ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်

July 13, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် ရတနာပုံအသင်းသည် လာမည့် ဇူလိုင် ၁၅ ရက်တွင် GFA FC အသင်းနှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်း၏ အဓိက ကစားသမားနှစ်ဦးဖြစ် သည့် ရဲကိုဦးနှင့် လှိုင်းဘိုဘိုတို့ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

ရတနာပုံအသင်း ကစားသမား ရဲကိုဦးသည် စုစုပေါင်း အ၀ါကတ် ခြောက်ကတ် ရှိပြီဖြစ်သဖြင့် ခြောက်ဝါ နှစ်ပွဲ ပယ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် ရဲကိုဦးသည် လာမည့် GFA FC အသင်းနှင့်ပွဲစဉ်အပြင် နောက်ထပ် ပွဲစဉ်တစ်ပွဲပါ ပါဝင်ကစားခွင့်ရမည်မဟုတ်ကြောင်း သိရ သည်။ ရတနာပုံအသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သည့် ရဲကိုဦးသည် လက်ရှိအချိန်တွင် အသင်းအတွက် သွင်းဂိုး သုံးဂိုး သွင်းယူ ပေးထားသည်။

အလားတူ ရတနာပုံအသင်း ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သည့် လှိုင်းဘိုဘိုသည် ပြီးခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့်ပွဲ တွင် နှစ်ဝါ တစ်နီဖြင့် ထုတ်ခံခဲ့ရပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ လှိုင်းဘိုဘိုသည် သုံးပွဲပယ်နှင့် ဒဏ်ငွေ သိန်း ချမှတ်ခံခဲ့ရသည်။ ထို့ကြောင့် လှိုင်းဘိုဘိုအနေဖြင့် ရတနာပုံအသင်းနှင့် ကစားမည့် GFA FC၊ ဧရာဝတီယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ပွဲစဉ် သုံးပွဲတွင် ၀င်ရောက်ကစားခွင့်ရမည်မဟုတ်ကြောင်း သိရသည်။  လက်ရှိတွင် လှိုင်းဘိုဘိုသည် ရတနာပုံအသင်းအတွက် သွင်းဂိုး လေးဂိုး သွင်းယူပေးထားသည့် ကစားသမားတစ်ဦးဖြစ်သည်။ ဇူလိုင် ၁၅ ရက်၊ မန္တလာသီရိကွင်းတွင် ကစားမည့် ရတနာပုံအက်ဖ်စီအသင်းနှင့် GFA FC အသင်းတို့ပွဲစဉ်ကို MNL Facebook Page မှ တိုက်ရိုက်ပြသသွားမည်ဖြစ်သည်။