ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ သွင်းဂိုးပေါင်း ၃၀၀ ပြည့်မြောက်မှု အမှတ်တရ ဆုကို ၃၀၀ မြောက် သွင်းဂိုးကို သွင်းယူပေးခဲ့သည့် ရခိုင်ယူနိုက်တက် တိုက်စစ်မှူး တည်ငြိမ်မင်းအား MPT မှ ယနေ့ ယှဉ်ပြိုင်ကစားသည့် ရခိုင်ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့၏ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဂိုး ၃၀၀ ပြည့် အမှတ်တရဆု အဖြစ် ဆုငွေကျပ် သုံးသိန်းကို MPT ၏ Event and Sponsorship Manager ဖြစ်သူ ဒေါ်ခင်သူဇာကျော်မှ ရခိုင်လူငယ် တိုက်စစ်မှူး တည်ငြိမ်မင်းအား ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ရခိုင်ယူနိုက်တက် အသင်းသည် ယခုကဲ့သို့ ရာပြည့်ဂိုး အမှတ်တရ ဆုကို ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပြီး ရခိုင်ယူနိုက်တက် တိုက်စစ်မှူး ဆန်းဒေးမှာ ယခုနှစ် ဘောလုံးရာသီ၏ ဂိုး ၁၀၀ ပြည့် ဂိုးသွင်းရှင်လည်း ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့သည် ယခုကဲ့သို့ ရာပြည့်သွင်းဂိုးများကို အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဂိုး ၁၀၀ ပြည့် အမှတ်တရ ဆုကို ရခိုင်ယူနိုက်တက် အသင်းမှ ဆန်းဒေးမက်သယူး၊ ဂိုး ၂၀၀ ပြည့် အမှတ်တရ ဆုကို ရတနာပုံ အသင်းမှ ရှိုင်းသူရ၊ ဂိုး ၃၀၀ ပြည့် အမှတ်တရ ဆုကို ရခိုင်ယူနိုက်တက် အသင်းမှ တည်ငြိမ်မင်းတို့က အသီးသီး ရရှိခဲ့ကြသည်။
MPT Myanmar National League 2018 ပြိုင်ပွဲမှာ ပြီးခဲ့သည့် ပွဲစဉ် ၁၉ ၌ သွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဂိုး ၃၀၀ ပြည့် သွင်းဂိုးမှာ မြဝတီ ၂-၆ ရခိုင်ယူနိုက်တက် ပွဲမှ တည်ငြိမ်မင်း၏ ပထမချေပဂိုး ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ပွဲစဉ် ၁၉ ပြီးဆုံးချိန်တွင် သွင်းဂိုး စုစုပေါင်း ၃၁၈ ဂိုး ရှိနေပြီ ဖြစ်သည်။