News

MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ မန္တလေးဇုန် ဗိုလ်လုပွဲတွင် မိတ္ထီလာ (က) အသင်းနှင့် မန္တလေး (ခ) အသင်းတို့ တွေ့ဆုံ

By khtit

July 13, 2018

ယမန်နေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့ကြသည့် MPT U-14 Football Tournament 2018 (Mandalay) ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ဒုတိယမြောက် ပွဲစဉ်တွင် မိတ္ထီလာ (က) အသင်းက မန္တလေး (က) အသင်းကို (၁-၅) ဂိုးဖြင့် ဂိုးပြတ် အနိုင်ကစားကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဆီမီးဖိုင်နယ် ပထမပွဲတွင် ပြင်ဦးလွင် (က) အသင်းကို အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည့် မန္တလေး (ခ) အသင်းနှင့် မိတ္ထီလာ (က) အသင်းတို့ ဗိုလ်လုပွဲတွင် တွေ့ဆုံယှဉ်ပြိုင်ရမည် ဖြစ်သည်။

မန္တလေး (ခ) အသင်းသည် အုပ်စု(ဂ)တွင် ညောင်ဦး အသင်း၊ ပြင်ဦးလွင် (ခ) အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုတွင်း ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ကစားလာသည့် အသင်းဖြစ်ကာ နှစ်ပွဲပေါင်း သွင်းဂိုး ၂၆ ဂိုးထိ ရယူခဲ့ပြီး ပေးဂိုး မရှိခဲ့ပေ။ ဆီမီးဖိုင်နယ်တွင်လည်း အုပ်စု(က)မှ တက်လာသည့် ပြင်ဦးလွင် (က) အသင်းကို ၀-၃ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ရာ လက်ရှိတွင် သွင်းဂိုး ၂၉ ဂိုးထိ ရယူထားနိုင်ပြီး ပေးဂိုးလုံးဝ မရှိသေးသည့် အသင်းကောင်း တစ်သင်း ဖြစ်သည်။

ဗိုလ်လုပွဲရောက် အခြားအသင်း တစ်သင်းဖြစ်သည့် မိတ္ထီလာ (က) အသင်းမှာမူ အုပ်စု(ဃ)တွင် ရမည်းသင်း၊ မိတ္ထီလာ (ခ) အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ မိတ္ထီလာ (က) အသင်းသည် အုပ်စုတွင်း သွင်းဂိုး ၅ ဂိုးသာ ရရှိခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် မန္ထလေး (က) အသင်းကို တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်ခဲ့သည်။

အဆိုပါ အသင်းနှစ်သင်း၏ ဗိုလ်လုပွဲစဉ်ကို လာမည့် ဇူလိုင် ၁၄ ရက် ညနေ ၃း၀၀ နာရီအချိန်တွင် မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပြီး ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို တစ်ဆက်တည်း ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။