မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကာ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းပါဝင်ပြီး Myanmar Care မှ အဓိက ကူညီပံ့ပိုးသည့် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ မန္တလေးဇုန် ဗိုလ်လုပွဲစဉ်ကို ယနေ့ ညနေပိုင်းက ကျင်းပခဲ့ရာ မန္တလေး (ခ) အသင်းက မိတ္ထီလာ (က) အသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရကာ ဗိုလ်စွဲနိုင်ခဲ့သည်။
ယင်းဗိုလ်လုပွဲကို ယနေ့ ညနေ ၃း၃၀ နာရီက မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး မန္တလေး (ခ) အသင်းက အနိုင်ရဗိုလ်စွဲ သွားခဲ့ခြင်း ဖြစ်သည်။ မန္တလေး (ခ) အသင်းသည် ပြိုင်ပွဲတစ်လျှောက် အထူးခြေစွမ်းပြသ နိုင်ခဲ့သည့် အသင်းဖြစ်ပြီး ဗိုလ်လုပွဲအထိ လေးပွဲကစားခဲ့ရာတွင် သွင်းဂိုး ၃၃ ဂိုးထိ ရယူနိုင်ခဲ့ကာ ပေးဂိုးလုံးဝမရှိခဲ့ပေ။
ထို့အပြင် မန္တလေး (ခ) အသင်းမှ ဇင်ကိုကိုက သွင်းဂိုး ၉ ဂိုးဖြင့် ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ကာ ဂိုးသမား ချမ်းမြေ့ဟိန်းမှာလည်း အကောင်းဆုံး ဂိုးသမားဆု ရယူနိုင်ခဲ့ပြီး အကောင်းဆုံး ရှေ့တန်းဆုကို သူရိန်ထွန်းက ရယူနိုင်ခဲ့သည်။
ယခု ကျင်းပခဲ့သည့် MPT U-14 Football Tournament 2018 (Mandalay) ပြိုင်ပွဲကဲ့သို့ အလားတူ ပြိုင်ပွဲများကို ယခုနှစ်အတွင်း အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး (၇)ခုတွင် ထပ်မံကျင်းပသွားရန် ရှိပြီး အနီးစပ်ဆုံး အနေဖြင့် မုံရွာမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းနောက်တွင် ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ တောင်ကြီး နှင့် ရန်ကုန် မြို့များတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။