အိမ်ကွင်းတွင် စစ်ကိုင်းယူနိုက်တက်အား အနိုင်ယူကာ ရန်ကုန်အသင်း အမှတ်ပေးဇယားဆက်လက်ဦးဆောင်

July 15, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၁၅ ရက်(ယနေ့) ညနေ က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ၊ YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက် တက်အသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်အသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဦးဆောင်ဂိုးရရန် ကြိုးပမ်းခဲ့ပြီး ဂိုးရမည့် အခွင့်အရေးအချို့ရခဲ့သည်။ အလားတူ စစ်ကိုင်းယူနိုက်တက်အသင်းသည်လည်း တန်ပြန်တိုက်စစ်ဖြင့် အကောင်းဆုံး တုံ့ပြန်ကစားနိုင်ပြီး ဂိုးရမည့် အခွင့်အရေးအချို့ရခဲ့သည်။ ပွဲချိန် ၂၈ မိနစ်တွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ဆီလာက သွင်းပေးခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် ရန်ကုန်အသင်း ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး မောင်မောင်လွင်က သွင်းယူပေးခဲ့သည်။ ဒုတိယဦးဆောင်ဂိုးရရှိပြီး နှစ်မိနစ်အကြာတွင် တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး တိုက်စစ်မှူး ဆီလာက ထပ်မံသွင်းပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး တစ်မိနစ်အလိုတွင် တိုက်စစ်မှူး အီမန်နူရယ်က ရန်ကုန်အသင်းအတွက် စတုထ္ထဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်အသင်းက လေးဂိုး ဂိုးမရှိ ဖြင့် ဦးဆောင်ထားခဲ့သည်။

ဒုတိယပိုင်း စတင်ရာတွင် ရန်ကုန်အသင်းမှ ကွင်းတွင် အားထားရသည့် ရာမာဇာကီအစား ကြည်လင်းနှင့် အစားထိုးခဲ့သည်။ ပွဲချိန် ၆၀ မိနစ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ပထမချေပဂိုးရခဲ့ပြီး တိုက်စစ်မှူး ဘန်ဘာက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ စစ်ကိုင်းယူနိုက် တက်အသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် မျိုးမင်းဖြိုးက အဝေးကန်ချက်ဖြင့် လှလှပပသွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ရန်ကုန်အသင်းမှ ပဉ္စမဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး ကွင်းလယ်လူ မောင်မောင်လွင်က ထပ်မံသွင်းယူပေးခဲ့သည်။ ပွဲကစားချိန် ပြီးဆုံးရာတွင် ရန်ကုန်အသင်းက ၅-၂ ဂိုးဖြင့် ဧည့်သည်စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။