ရတနာပုံ – ရန်ကုန်ပွဲမှ ကွင်းလယ်ဒိုင်ကို ဒိုင်စည်း/ထိန်းမှ ရာသီကုန်ထိ ပွဲကိုင်တွယ်ခွင့် ပိတ်ပင်

July 16, 2018

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်က မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ကျင်းပခဲ့သည့် ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက် တို့၏ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ ပွဲစဉ်တွင် ဆုံးဖြတ်ချက် အားနည်းမှုများကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ သေချာကြပ်မတ် အရေးယူရန် ဒိုင်လုပ်ငန်းဌာန ထံသို့ ညွှန်ကြားခြင်း ခံရသော ကွင်းလယ်ဒိုင် ဦးသန့်စင်ဦးကို ဒိုင်လုပ်ငန်းဌာန၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီမှ ရာသီကုန်ချိန်အထိ ပွဲကိုင်တွယ်ခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်ကို ချမှတ်လိုက်သည်။ ဦးသန့်စင်ဦး၏ ပြစ်ဒဏ်မှာ ပြီးခဲ့သည့် ဇူလိုင် ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀ ပွဲစဉ်များမှ စတင်ကာ အကျုံးဝင်ခဲ့ပြီး ဖြစ်သည်။

ဒိုင်လုပ်ငန်းဌာန၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၏ အရေးယူမှုမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ ဒိုင်လုပ်ငန်းဌာန၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီသည် ဇူလိုင် (၈) ရက်က မန္တလာသီရိကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှ ကွင်းလယ်ဒိုင် ဦးသန့်စင်ဦး၏ ဆောင်ရွက်ချက်များကို မှတ်တမ်းတင် ဗွီဒီယိုဖြင့် ကြည့်ရှုရာတွင် အောက်ပါအတိုင်း တွေ့ရှိပါသည်။

(က) ပထမပိုင်း ပွဲကစားချိန် (၃၀) မိနစ် အချိန်ခန့်တွင် ရန်ကုန်ယူနိုက်တက် အသင်း၏ ပင်နယ်တီ ဧရိယာ အတွင်း၌ ရန်ကုန်နောက်ခံလူ ကျောနံပါတ် (၄၄) မွန်ကာလူးသည် ရတနာပုံ အသင်းမှ ကျောနံပါတ် (၂၉) ဝင်းနိုင်စိုးအား ဥပဒေမဲ့ တားဆီးသည့် ဖြစ်စဉ်တွင် မည်သည့် ပြစ်ဒဏ်မှ ပေးခြင်းမရှိကြောင်း တွေ့ရှိပါသည်။

(ခ) ၎င်းဒိုင်လူကြီး ဦးသန့်စင်ဦးသည် ပြိုင်ပွဲအတွင်း ဆုံးဖြတ်လုပ်ဆောင်ချက်များ အားနည်းခြင်း၊ ပြတ်သားမှု မရှိခြင်း တို့ကို စစ်ဆေး တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ ရတနာပုံ အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်သော ပွဲစဉ်တွင် ဒိုင်လူကြီး ဦးသန့်စင်ဦး၏ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်များကြောင့် ဒိုင်လုပ်ငန်းဌာန၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အောက်ပါအတိုင်း ပြင်းထန်စွာ သတိပေးဆောင်ရွက် ခဲ့ပါသည်။

(က) ၎င်းပွဲစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဦးသန့်စင်ဦးအား ၂၀၁၈ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရာသီ ပြီးဆုံးသည်အထိ တာဝန်ပေးအပ်ခြင်း မပြုဘဲ ရပ်ဆိုင်းထားရန်။

(ခ) အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဦးသန့်စင်ဦးသည် နောင်တာဝန်ယူ ဆောင်ရွက်မည့် ပြိုင်ပွဲများတွင် ယခုကဲ့သို့ အငြင်းပွားရာ မပြတ်သားသော ဆုံးဖြတ်ချက်များ ထပ်မံဖြစ်ပေါ်ပါက ပြင်းထန်စွာ အရေးယူ အပြစ်ပေးခြင်းအား ခံယူပါမည်ဟု ဝန်ခံကတိလက်မှတ် ရေးထိုးစေရန်။