မြဝတီကို အနိုင်ယူကာ အမှတ်ပေးဇယား စတုတ္ထနေရာထိ တက်လှမ်းနိုင်ခဲ့သည့် ဇွဲကပင်

July 16, 2018

နောက်ပိုင်း ပွဲစဉ်များတွင် ခြေစွမ်းကောင်းများ တောက်လျှောက် ပြသကာ ရလဒ်ကောင်းများ ရယူထားနိုင်သည့် ဇွဲကပင် ယူနိုက်တက် အသင်းသည် ယနေ့ ကျင်းပသည့် MPT Myanmar National League 2018 ပွဲစဉ် ၂၀ ပွဲစဉ်တွင် အမှတ်ပေးဇယား အောက်ဆုံးမှ မြဝတီ အသင်းကို အကြိတ်အနယ် ကစားကာ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာထိ တက်လှမ်း နိုင်ခဲ့သည်။

ဇွဲကပင် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရန်ကျော်ထွေးက ပွဲချိန် ၉ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင် အနေဖြင့် ဦးဆောင်ဂိုး စောစီးစွာ ရခဲ့သော်လည်း ကစားပုံကို လျော့ချခြင်း မရှိဘဲ ဂိုးများ ထပ်မံသွင်းယူနိုင်ရန် အားထုတ်ခဲ့သည်။ သို့သော် မြဝတီ၏ ခံစစ်ကစားပုံ ကောင်းမွန်မှုကြောင့် ဂိုးထပ်မသွင်း နိုင်ခဲ့ခြင်း ဖြစ်သည်။ အလားတူပင် မြဝတီ အသင်းအနေဖြင့်လည်း အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဇွဲကပင် အသင်းကိုပင် ပြန်လှန် ဖိအားပေး ကစားနိုင်ခဲ့သည်။ သို့သော် ဂိုးကံခေခြင်း၊ ဇွဲကပင် ဂိုးသမားနှင့် ခံစစ်ကြောင်း အမှားအယွင်း မရှိခြင်း တို့ကြောင့် ဂိုးမရခဲ့ခြင်း ဖြစ်သည်။

ယခုရှုံးပွဲကြောင့် မြဝတီ အသင်းအနေဖြင့် ယခုရာသီအတွင်း ပထမဆုံး လိဂ်နိုင်ပွဲ မရယူနိုင်သေးပဲ အနိုင်ရသည့် ဇွဲကပင် အသင်းကမူ အမှတ်ပေးဇယား စတုတ္ထနေရာထိ တက်လှမ်းသွား နိုင်ခဲ့သည်။