MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရွိုင်ရယ်သန်လျင်အသင်းသည် ရာသီမကုန်မီ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ရွိုင်ရယ်သန်လျင်အသင်းမှာ ပွဲစဉ်(၁၃)အပြီးတွင် ရမှတ် ၂၄ မှတ် ရရှိပြီး ဒုတိယနေရာမှ ဒဂုံအက်ဖ်စီအသင်းကို လေးမှတ်ဖြတ်ကာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရွိုင်ရယ်သန်လျင်အသင်းအနေဖြင့် လာမည့်နှစ် ၂၀၁၉ အမှတ်ပေး ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲကို တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ နှစ်သင်း တန်းတက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ရာ လက်ရှိတွင် အခြားတစ်နေရာအတွက် အဖြေထွက်ပေါ်လာခြင်း မရှိသေးပေ။ လတ်တလောတွင် ဒဂုံအက်ဖ်စီအသင်းက ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၂၊ ယူနီဗာစတီအသင်းက ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၃ နေရာများတွင် ရပ်တည်လျက်ရှိသည်။
MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့၊ ညနေပိုင်းတွင် ဒဂုံအက်ဖ်စီ-ယူနီဗာစတီပွဲစဉ်အပြီးတွင် ပဒုမ္မာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
MPT ၏ အဓိက ပါတနာအဖြစ် ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပခဲ့သည့် MPT Myanmar National League II 2018 ပြိုင်ပွဲတွင် ပထမဆု ရရှိသည့်အသင်းကို ဆုကြေး ကျပ်သိန်း ၃၀၀၊ ဒုတိယရရှိသည့်အသင်းကို ဆုကြေး ကျပ် သိန်း ၁၅၀၊ တတိယဆုရ အသင်းကို ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမည်ဖြစ်သည်။