MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ဇူလိုင်လအတွက် အကောင်းဆုံးကစားသမားဆုနှင့် နည်းပြဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ရာ ကစားသမားဆုကို ငွေကြယ်ပွင့်လေးများအသင်းမှ အောင်မျိုးသူရနှင့် နည်းပြဆုကို ဒဂုံအက်ဖ်စီအသင်းမှ ဦးမင်းကြည်တို့ ရရှိခဲ့သည်။
အဆိုပါဆုများအား ယနေ့ ညနေပိုင်းက ပဒုမ္မာကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနား မတိုင်မီ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂိ၏ မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းပေးအပ်ခဲ့သည့် အဆိုပါဆုအတွက် ကစားသမားဆုကို MPT မှ Deputy Marketing Director ဦးခင်မောင်မြင့်နှင့် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဌနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှ တို့က ပေးအပ်ခဲ့သည်။ ထို့်အတူ အကောင်းဆုံးနည်းပြဆုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် MPT Department General Manager ဦးကျော်သက်တို့က ပေးအပ်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ၂ အကောင်းဆုံးဆုများကို လအလိုက် ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး နည်းပြဦးမင်းကြည်မှာ ဒဂုံအက်ဖ်စီအသင်းကို မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိရန် လက်ကျန်ပွဲစဉ်များတွင် အကောင်းဆုံး လမ်းညွှန်ပေးနိုင်ခဲ့သူဖြစ်ပြီး အောင်မျိုးသူရမှာ အသင်း၏ နောက်ပိုင်းပွဲစဉ်များတွင် ငွေကြယ်ပွင့်လေးများအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့၍ အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။