ပွဲကျန်မှာ ပွဲခံမယ့်အသင်းတွေကို စောင့်ကြည့်သွားရဖို့ ရှိနေတဲ့ မြန်မာနေရှင်နယ်လိဂ်

July 20, 2018

MPT Myanmar National League 2018 Week 13 ပွဲကျန် ပွဲစဉ်များ

ဒီတစ်ပတ် စနေ့၊တနင်္ဂနွေရက်တွေမှာ MPT Myanmar National League 2018 Week 13 ပွဲကျန် သုံးပွဲယှဉ်ပြိုင်ကစားသွားဖို့ရှိပြီး ဘယ်အသင်းတွေ အောင်ပွဲခံသွားမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အစောဆုံးကစားခဲ့တဲ့ မကွေးအက်ဖ်စီ-မြ၀တီအက်ဖ်စီပွဲစဉ်မှာ မကွေးအသင်းက ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ဆက်လက်ယှဉ်ပြိုင်မယ့် ရှမ်းယူနိုက်တက်-ဇွဲကပင်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်-ရတနာပုံအက်ဖ်စီ၊ ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ဖော်ဆောင်သွားနိုင်မလဲ…။

၂၁-၇-၂၀၁၈
ရှမ်းယူနိုက်တက်-ဇွဲကပင်ယူနိုက်တက်(တောင်ကြီး) – ၃း၃၀
————————————————-
ချန်ပီယံဆုကာကွယ်ခွင့်အတွက် လက်ကျန်ပွဲစဉ်တွေကို အမှားအယွင်းမရှိ ကစားနေတဲ့ ရှမ်းယူနိုက်တက်နဲ့ ရာသီကုန် အဆင့် ၃ နေရာ သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ဇွဲကပင်အသင်းတို့ တောင်ကြီးကွင်းမှာတွေ့ဆုံနေတာပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ခြေစွမ်းကောင်းတွေပြသထားနိုင်ပြီး ရည်မှန်းချက်ကိုယ်စီအတွက် တိုက်ပွဲဝင်ကြမှာဖြစ်လို့ ပထမအကျော့တုန်းကလိုပဲ အကြိတ်အနယ်ရှိလာဦးမှာဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တောင်ကြီးကွင်းမှာ ပြသတဲ့ အနိုင်၊အရှုံးရလဒ်ကို ရယူသွားမယ့်အသင်းဟာ အိမ်ရှင်အသင်းလား..ဧည့်သည်အသင်းလားဆိုတာ …မကြာခင်မြင်တွေ့ရတော့မှာပါ။

၂၁-၇-၂၀၁၈
ဧရာဝတီယူနိုက်တက်-ရတနာပုံအက်ဖ်စီ(ပုသိမ်)-၃း၃၀
——————————————–
အသင်းကြီးတွေနဲ့ အိမ်ကွင်းမှာ ကစားလေ့ရှိတိုင်း စွမ်းဆောင်ရည်ကောင်းတွေပြလေ့ရှိတဲ့ ဧရာဝတီအသင်း ယခုတစ်ကြိမ်မှာလည်း ရတနာပုံအသင်းကို ဧည့်ခံကစားသွားရမှာပါ။ ရတနာပုံအသင်းက လက်ရှိမှာ အဆင့် ၃ နေရာ ပြန်လည်ရယူထားနိုင်တဲ့အသင်းဖြစ်ပြီး ဧရာဝတီအသင်းကတော့ အဆင့် ၈ နေရာကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းအားထုတ်ဆဲ အသင်းဖြစ်နေပါတယ်။ ဒါကြောင့် ယခုပွဲစဉ်မှာ ဧရာဝတီအသင်းရဲ့ ကြိုးပမ်းအားထုတ်မှုက အရာထင်လာမလား..။ ရတနာပုံအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်က ကျေနပ်စရာဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဧည့်သည်အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ လှိုင်းဘိုဘို၊ ရဲကိုဦးတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။

၂၂-၇-၂၀၁၈
ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်(Y.U.S.C)-၃း၃၀
————————————————
ရန်ကုန်အသင်းရဲ့ တစ်ကျော့ပြန် ချန်ပီယံဆု ဆွတ်ခူးနိုင်ရေး လမ်းကြောင်းဟာ လက်ရှိအချိန်အထိ ချောမွေ့နေဆဲဖြစ်ပါတယ်။ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူထားနိုင်တဲ့အပြင် ဒုတိယနေရာက အနီးကပ်ဆုံးပြိုင်ဘက် ရှမ်းယူနိုက်တက်အသင်းကိုလည်း နှစ်မှတ်ဖြတ်ထားနိုင်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကစားရခက်တဲ့ ဟံသာဝတီကို ဧည့်ခံကစားရမှာပါ။ ဟံသာဝတီအသင်းကလည်း အဆင့် ၃နေရာ မှန်းမျှော်နေတဲ့အသင်းဖြစ်ပြီး လက်ရှိအနေအထားအရလည်း နီးစပ်မှုရှိနေပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဂျိုးဇက်ပြန်ပါလာတဲ့အပြင် ကစားသမားအားလုံး ဒဏ်ရာအနာတရ ကင်းစင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် မောင်မောင်လွင်၊ မွန်ကာလူးတို့ မပါဝင်နိုင်တဲ့ ရန်ကုန်အသင်းရဲ့ အစုအဖွဲ့က ဧည့်သည်အသင်းရဲ့ မျှော်လင့်ချက်တွေကို တားဆီးသွားနိုင်မလားဆိုတာ စူပါဆန်းဒေးမှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။