MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ချန်ပီယံဆုဖလားအား ရွိုင်ရယ်သန်လျင်အသင်း ဆွတ်ခူး

July 20, 2018

လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ ရိွုင်ရယ်သန်လျင်အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ တန်းတက်ခွင့် ရရှိ

——————————————————————————
MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက်၊ ညနေပိုင်းက ပဒုမ္မာဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ပထမဆုကို ရွိုင်ရယ်သန်လျင်အသင်း၊ ဒုတိယဆုကို ဒဂုံအက်ဖ်စီအသင်း၊ တတိယဆုကို ယူနီဗာစတီအသင်းတို့က ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ JCB မှ Country Manager Mr.Takeshi Fuji နှင့် AFC Club Licensing Administrator Ms Wen Min See တို့က တတိယရရှိခဲ့သည့် ယူနီဗာစတီအသင်းအား တစ်ဦးချင်း ကြေးတံဆိပ်ဆုများအား ချီးမြှင့်ပေးခဲ့ကာ ဆုကြေးငွေကျပ် သိန်း ၁၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ဆက်လက်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် MPTမှ Deputy Markeing Director ဦးခင်မောင်မြင့်နှင့် MPT Department General Manager ဦးကျော်သက်တို့မှ ဒုတိယရရှိသည့် ဒဂုံအက်ဖ်စီအသင်းကို တစ်ဦးချင်း ငွေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်၍ ဆုကြေးငွေ ကျပ်သိန်း ၁၅၀ ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် ရွိုင်ရယ်သန်လျင်အသင်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က တစ်ဦးချင်းရွှေတံဆိပ်ဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုကြေးငွေကျပ်သိန်း ၃၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့သည့် ရွိုင်ရယ်သန်လျင်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက တံခွန်စိုက်ဆုဖလားပေးအပ်ခဲ့သည်။

MPT မှ မိတ်ဖက်ပါတနာအဖြစ် ပံ့ပိုးပေးခဲ့ပြီး ပြိုင်ပွဲဝင် ၇ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရွိုင်ရယ်သန်လျင်အသင်းသည် ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယနေရာမှ ဒဂုံအက်ဖ်စီအသင်းမှာ ရမှတ် ၂၀ ဖြင့် ဒုတိယနေရာကို ရယူနိုင်ခဲ့ကာ ယူနီဗာစတီအသင်းမှာ ရမှတ် ၁၉ မှတ်ဖြင့် တတိယနေရာ ရယူနိုင်ခဲ့သည်။

ထို့ကြောင့် လာမည့်နှစ် မြန်မာနေရှင်နယ်လိဂ် ၁ အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ ရွိုင်ရယ်သန်လျင်အသင်းနှင့် ဒဂုံအက်ဖ်စီအသင်းတို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။