ရန်ကုန်နှင့် ဟံသာဝတီပွဲ ဒုတိယပိုင်း ၄၅ မိနစ်အား စက်တင်ဘာ ၁၁ ရက် ပြန်လည်ကျင်းပမည်

July 22, 2018

ဇူလိုင် ၂၂ ရက်(ယနေ့) ညနေ ၃း၃၀ က YUSC ကွင်းတွင် ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်းတို့ပွဲစဉ် ပထမပိုင်းအပြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဒုတိယပိုင်း ဆက်လက်ကစားရန် မဖြစ်နိုင်သည့်အတွက် ရွှေ့ဆိုင်းခဲ့ရပြီး အဆိုပါရွှေ့ဆိုင်းခဲ့သည့် ဒုတိယပိုင်းအား လာမည့် စက်တင်ဘာ ၁၁ ရက်၊ ညနေ ၃း၃၀၊ YUSC (သို့မဟုတ်) သုဝဏ္ဏဘောလုံးကွင်းတွင် ပြန်လည်ကစားရန် အတည်ပြုခဲ့သည်။


အဆိုပါ ပွဲရွှေ့ဆိုင်းသည့် ကိစ္စနှင့်ပတ်သက်သည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ကျင်းပရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၂ ရက်(ညနေ ၆း၄၅)အချိန်က ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့ပွဲစဉ်တွင် တာဝန်ယူခဲ့သည့် Match Commissioner ဦးထွန်းထွန်းအောင်၊ Referee Assessor ဦးလှတင့်၊ Media Officer ဦးသီဟဇော်တို့နှင့်အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ MNL နှင့် ရှုံးထွက်ပြိုင်ပွဲ ဆက်လက်ကစားရမည့် နေ့ရက်ကာလများအပြင် မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲရက်များနှင့် ဖီဖာ ခြေစမ်းပွဲရက် သတ်မှတ်ချက်အရ နိုင်ငံတကာခြေစမ်းပွဲများကစားမည့် ပွဲရက်ကာလများကို စိစစ်ညှိနှိုင်းချိန်ဆကာ သက်ဆိုင်ရာ ကလပ်အသင်းများ၏ ပြည်တွင်း၊ ပြည်ပ ကစားသမားစာချုပ်ကိစ္စများကိုပါ တွက်ချက်ညှိနှိုင်း၍ ယင်းလက်ကျန်ဒုတိယပိုင်းပွဲစဉ်အား အားလုံးအတွက် အဆင်ပြေဆုံးဖြစ်စေမည့်စက်တင်ဘာ ၁၁ ရက်၊ ညနေ ၃း၃၀ တွင် ပြန်လည်ကစားစေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကိုလည်း ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းများ၏ အသင်းတာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြား သဘောတူအတည်ပြုခဲ့ပြီးဖြစ်သည်။

အဆိုပါအစီအစဉ်အတိုင်း ယင်းပွဲစဉ် ဒုတိယပိုင်း ဆက်လက်ကစားမည့် နေ့ရက်၊ အချိန်၊ နေရာကို ဇူလိုင် ၂၃ ရက်တွင် မြန်မာနေ ရှင်နယ်လိဂ်မှ သက်ဆိုင်ရာအသင်းများနှင့် တာဝန်ရှိသူများထံသို့တရားဝင်စာဖြင့် ထပ်မံပေးပို့ အကြောင်းကြား သွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲစည်းမျဉ်းအရ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့ ဒုတိယပိုင်း ၄၅ မိနစ်ကို ယနေ့ပွဲတွင် ထွက်ပေါ်ထားသည့် ပထမပိုင်းရလဒ် အတိုင်းပင် (၀-၁) ဖြင့် သတ်မှတ်၍ ဆက်လက်ကစားမည့်အပြင် နှစ်သင်းစလုံး အနေဖြင့်လည်း ယနေ့ပွဲကစားသည့် မှတ်ပုံတင် လူစာရင်း (ပွဲထွက်နှင့်အရန် ကစားသမားစာရင်း) အတိုင်းသာ ကစားရမည်ဖြစ်သည်။