အာရှဘောလုံးအဖွဲ့ ချုပ် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်တို့  ပူးပေါင်း၍ AFC-MNL Club Licensing အစည်းအဝေး အခမ်းအနားကျင်းပ

July 22, 2018

အာရှဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ ပူးပေါင်းပြုလုပ်သည့် AFC-MNL Club Licensing Meeting အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်(ယနေ့) မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ AFC Club Licensing Administrator Ms. Wen Min See၊ မြန်မာနေရှင်နယ်လိဂ် Club Licensing Manager ဦးမိုးသွင်ထွန်း၊ Assistant Manager ဦးအောင်မျိုးဇော်နှင့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှ အမှုဆောင်အရာရှိချုပ်များ၊ အထွေထွေမန်နေဂျာများ၊ အသင်းမန်နေဂျာများ၊ Club Licensing Officer များနှင့် ကလပ်အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ ကလပ်အသင်းများအနေဖြင့် အေအက်ဖ်စီကလပ်လိုင်စင်အား အပြည့်အဝ ဆောင်ရွက်ပေးရမည့် တာဝန်ရှိကြောင်း| လက်ရှိ အခက်အခဲများကြားမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကလပ်အသင်းများအားလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ကလပ်လိုင်စင်နှင့် ပတ်သက်၍ မိမိတို့ သိရှိလိုသည့် အချက်များအား မည်သည့်အချိန်တွင်မဆို လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါကြောင်း စသည်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ဆက်လက်ပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အေအက်ဖ်စီကလပ်လိုင်စင်အား မြန်မာနေရှင်နယ်လိဂ် ၁ နှင့် မြန်မာနေရှင်နယ်လိဂ် ၂ ကလပ်အသင်းများဘက်မှ နှစ်စဉ် ပုံမှန် ပြုလုပ်ပေးရမှာဖြစ်ကြောင်း| မပြည့်စုံသည့် အနေအထားမှ ကြိုးစားဆောင်ရွက်ပေးနေသည့် ကလပ်အသင်းများ၏ အခြေအနေကိုလည်း စာနာနားလည်ပါကြောင်း| အေအက်ဖ်စီမှ သတ်မှတ်ထားသည့် အချက်များအား ရာနှုန်းပြည့် မဟုတ်လျင်တောင် ယခုထက်ပိုမို၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းပေးစေလိုကြောင်း အဖွင့်အမှာ စကားတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ မလေးရှားနိုင်ငံမှ AFC Club Licensing Administrator Ms. Wen Min See မှ အေအက်ဖ်စီကလပ်လိုင်စင်၏ အရေးကြီးပုံနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အခြေအနေများ| အာရှဘောလုံးအဖွဲ့ ချုပ် လက်အောက်ခံ နိုင်ငံများအနက် နိုင်ငံပေါင်း ၄၃ နိုင်ငံက ကလပ်လိုင်စင်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ ရပါကြောင်း| ကလပ်လိုင်စင် ပြုလုပ်ခြင်း မရှိသည့် အာရှဘောလုံးအဖွဲ့ ချုပ် လက်အောက်ခံ နိုင်ငံတစ်နိုင်ငံအား ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားပါကြောင်း စသဖြင့် ကလပ်လိုင်စင်၏ အရေးပါပုံကို ရှင်းလင်းပြောကြားသည်။ ထို့ပြင် ကလပ်လိုင်စင် ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်ပြီး မရှင်းလင်းသည့် အချက်များနှင့် ထပ်မံသိရှိလိုသည့်အကြောင်းအရာများအား ကလပ်လိုင်စင် မန်နေဂျာများမှ တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ နောက် မြန်မာနေရှင်နယ်လိဂ် Club Licensing Manager ဦးမိုးသွင်ထွန်းမှ ၂၀၁၉ အတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်မှ ၂၀၁၉ နှင့် ရှေ့ လာမည့်နှစ်များအတွင်း အေအက်ဖ်စီမှ သတ်မှတ်ထားသည့် နည်းပြ အရည်အချင်း သတ်မှတ်ချက်များ| မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ အရည်အချင်း ပြည့်ဝသည့် နည်းပြများ မွေးထုတ်ပေးလျက်ရှိသည့် အခြေအနေများ| နိုင်ငံလက်ရွေးစင်အသင်းအောင်မြင်ရေးအတွက် ကလပ်အသင်းများ၏ ပူးပေါင်းဆောင်မှု အခြေအနေများ| မြန်မာ့ဘောလုံးလောက ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားရမည့် အခြေအနေများအား ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့နောက်ကလပ်အသင်းတာဝန်ရှိသူများမှ မိမိတို့ သိရှိလိုသည့်အချက်များအား မေးမြန်းခဲ့ကြပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ နိဂုံးချုပ် စကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။