မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီတို့မှ ပူုးပေါင်းကျင်းပသည့် အဆင့်မြင့်ပညာဦးစီးဌာနအဆင့် MPT-University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ်နှင့် MPT မှ တာဝန်ရှိသူများ၊ တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မောင်လှနှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲနှင့်ပတ်သည့် အကြောင်းအရာများကို အသေးစိပ် ညှိနှိုင်းဆွေးနွေး တိုင်ပင်ခဲ့ကြသည်။
ယခုပြိုင်ပွဲတွင် အောက်မြန်မာပြည်ဇုန်မှ အကောင်းဆုံးကျောင်းသား၊ကျောင်းသူများဖြင့် ရွေးချယ်ဖွဲ့စည်းထားသော လက်ရွေးစင်အမျိုးသား၊အမျိုးသမီး ၂ သင်းစီ၊ စုစုပေါင်း ၄ သင်းနှင့် အထက်မြန်မာပြည်ဇုန်မှ အကောင်းဆုံး ကျောင်းသား၊ကျောင်းသူများနှင့် ရွေးချယ်ဖွဲ့စည်းထားသော လက်ရွေးစင် အမျိုးသား၊အမျိုးသမီး ၂ သင်းစီ စုစုပေါင်း ၄ သင်းစီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပွဲစဉ်များကို တစ်ရက်လျင် (၂) ပွဲနှုန်းဖြင့် ယူနီဗာစတီကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် ကျင်းပရန် သတ်မှတ်ထားပြီး အမျိုးသားပြိုင်ပွဲကို သြဂုတ်လ ၂၀ ရက်မှ ၂၇ ရက်အထိ၊ အမျိုးသမီးပြိုင်ပွဲကို သြဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
MPT-University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အဆင့်မြင့်ပညာဦးစီးဌာနအဆင့်ပြိုင်ပွဲတွင် ပထမရရှိသည့် (အမျိုးသား၊အမျိုးသမီး) အသင်းများအား ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် သိန်း ၂၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထို့အတူ ဒုတိယဆု ရရှိသည့် (အမျိုးသား၊အမျိုးသမီး)အသင်းများကို ဆုကြေးငွေကျပ် ၁၀ သိန်း ချီးမြှင့်မည့်အပြင် ပွဲစဉ်တစ်လျောက် နေရာအလိုက်အကောင်းဆုံးဆုနှင့် အကောင်းဆုံးကစားသမားဆုတို့ကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
MPT သည် မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် လက်တွဲဆောင်ရွက်နေခြင်းဖြစ်ပြီး တက္ကသိုလ်ဘောလုံးပြိုင်ပွဲများအပြင်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ၊ ယူ ၁၄ ပြိုင်ပွဲများနှင့် Grassroots ဘောလုံးပွဲတော်များကိုပါ တစ်နိုင်ငံလုံး အနှံ့ကျင်းပပေးနေခြင်းဖြစ်သည်။