MPT Myanmar National League (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ် နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက်၊ ညနေက ပဒုမ္မာဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆုပေးပွဲအခမ်းအနား မတိုင်မီ ဒဂုံအက်ဖ်စီလူငယ်အသင်းနှင့် ISPE(B) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒဂုံလူငယ်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ယင်းပွဲစဉ်အပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ MPT Myanmar National League (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တတိယဆု ရရှိသည့် ယူနီဗာစတီအက်ဖ်စီအသင်းအား MPT မှ Deputy Marketing Director ဦးခင်မောင်မြင့်မှ တစ်ဦးချင်း ကြေးတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး ပြိုင်ပွဲတွင် တတိယဆု ရရှိသည့်အသင်း ယူနီဗာစတီအသင်းကို ဆုကြေးငွေကျပ် ၃၅ သိန်း ချီးမြှင့်ခဲ့ပြီး အဆိုပါဆုကြေးငွေကို ဒဂုံအက်ဖ်စီအသင်းအတွင်းရေးမှူး ဦးအောင်သူချမ်းမှ ချီးမြှင့်ပေးခဲ့သည်။
MPT Myanmar National Leauge (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုကို ဒဂုံအက်ဖ်စီလူငယ်အသင်းက ရယူနိုင်ခဲ့ရာ တစ်ဦးချင်း ငွေတံဆိပ်ဆုများကို တက္ကသိုလ်များ ဘောလုံးအသင်းဥက္ကဋ္ဌ နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှမှ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့သည့် ဒဂုံအက်ဖ်စီလူငယ်အသင်းကို ဆုကြေးငွေကျပ်သိန်း (၇၀) ချီးမြှင့်ခဲ့ပြီး အဆိုပါဆုကို MPT မှ Deputy Marketing Director ဦးခင်မောင်မြင့် မှ ထပ်မံ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ချန်ပီယံဆု ရရှိခဲ့သည့် ISPE(B)-အား/ကာသိပံ္ပလူငယ်(ခ)အသင်းကို တစ်ဦးချင်းရွှေတံဆိပ်ဆုနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အထူးဂုဏ်ပြုငွေကျပ် သိန်း (၁၀၀) ချီးမြှင့်ပေးခဲ့သည်။ တစ်ဦးချင်း ရွှေတံဆိပ်ဆုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က တက်ရောက်ချီးမြှင့်ပေးသည်။
ဆက်လက်ပြီး ချန်ပီယံဆု ရရှိခဲ့သည့် ISPE(B) အသင်းအား မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ အထူးဂုဏ်ပြုဆုငွေကျပ် သိန်း (၁၀၀) ချီးမြှင့်ခဲ့ရာ ယင်းဆုကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးသည်။
ထို့နောက် MPT Myanmar National Leauge (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ၁၂ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ပြီး ရမှတ် ၃၁ မှတ်ဖြင့် ချန်ပီယံသရဖူကို ရယူနိုင်ခဲ့သည့် ISPE(B)-အား/ကာသိပံ္ပ(ခ) အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ တံခွန်စိုက်ဆုဖလားကို တက်ရောက်ချီးမြှင့်ပေးခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အသင်း ခုနှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League (U-20) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၃၁ မှတ်ဖြင့် ISPE(B) အသင်းက ပထမ၊ ၁၂ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၃၀ ရရှိခဲ့သည့် ဒဂုံအသင်းက ဒုတိယ၊ ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၈ မှတ် ရယူနိုင်ခဲ့သည့် ယူနီဗာစတီအသင်းက တတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။