ရခိုင်ယူနိုက်တက်အသင်းအား အနိုင်ကစားကာ ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဇယား ဆက်လက်ဦးဆောင်

August 3, 2018

MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၃ ရက်(ယနေ့) ညနေက စမ်းချောင်းမြို့နယ်ရှိ၊ ပဒုမ္မာဘောလုံးကွင်းတွင် ရှမ်းယူနိုက်တက် အသင်းနှင့်ရခိုင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းမှ ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပွဲစဉ်၏ အစောပိုင်းမိနစ်တွင် ရှမ်းယူနိုက်တက်အသင်းမှ ပင်နယ်တီရရှိခဲ့သော်လည်း ရခိုင်ယူနိုက်တက်အသင်း ဂိုးသမားနှင့် နောက်တန်း များ ကာကွယ်မှုကြောင့် ဦးဆောင်ဂိုးမရခဲ့ပေ။ သို့သော် ပွဲချိန် ၁၇ မိနစ်တွင်ရှမ်းယူနိုက်တက်အသင်းမှ ပထမဦးဆောင်ဂိုးစတင်ရခဲ့ပြီး ထက်ဝေယံက သွင်းပေးခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ရှမ်းအသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ထက်ဝေယံမှပင် ထပ်မံသွင်းပေးခဲ့သည်။ ပထမပိုင်း ပြီးခါနီးနာကျင်အချိန်ပိုမိနစ်တွင် ရှမ်းအသင်းမှ တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ရဲဇော်ထက်က သွင်းပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရှမ်းအသင်းက ၃-၀ ဂိုးဖြင့် ရခိုင်အသင်းကို ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်း ပြန်စတင်ရာတွင်လည်း ရှမ်းအသင်းမှ ကစားအားမလျော့ဘဲ ထပ်မံ ထိုးဖောက်မှုများပြုလုပ်ခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် စတုထ္ထမြောက် ဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး ပထမပိုင်းတွင် နှစ်ဂိုးသွင်းပေးထားသည့် ထက်ဝေယံမှ ထပ်မံသွင်းပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၇၂ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ ချေပဂိုး တစ်ဂိုးရခဲ့ပြီး ကျော်ရဲထွန်းက ပိတ်သွင်းယူပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံ ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ရှမ်းအသင်းမှ ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။