MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-17) ရွှေ့ဆိုင်းပွဲကျန်တစ်ပွဲအဖြစ် သြဂုတ် ၄ ရက်(ယနေ့) ညနေက စမ်းချောင်းမြို့နယ်ရှိ၊ ပဒုမ္မာကွင်းတွင် ရတနာပုံ ယူ-၂၁ အသင်းနှင့် ဟံသာဝတီ ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ရတနာပုံအသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရန် ဟံသာဝတီအသင်းဘက်သို့ ဖိအားပေးကစားခဲ့သည်။ သို့သော် ဟံသာဝတီအသင်းမှ ကစားပုံမာမာထန်ထန်ဖြင့် တုံ့ပြန်ခဲ့သည့်အပြင် ပွဲချိန် ၁၈ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဦးဆောင်ဂိုးကို ထက်ကိုကိုက ခေါင်းတိုက်သွင်းပေးခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ဟံသာဝတီအသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး နေလင်းထက်က သွင်းယူပေးခဲ့သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပို မိနစ်တွင် ရတနာပုံအသင်းမှ ပင်နယ်တီရခဲ့ပြီး အာကာက အဆိုပါ ပင်နယ်တီအား အမှားအယွင်းမရှိကန်သွင်းကာ ရတနာပုံအသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းက ၂-၁ ဂိုးဖြင့် ရတနာပုံအသင်းကို ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန်ဖြင့် ကစားခဲ့ကြပြီး ပွဲချိန် ၇၉ မိနစ်တွင် ရတနာပုံအသင်းက ဒုတိယ ချေပဂိုးထပ်မံရခဲ့သည်။ အဆိုပါဂိုးကို ပထမဂိုးသွင်းယူပေးခဲ့သည့် အာကာက ထပ်မံ သွင်းပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံ ဂိုးမရခဲ့သည့်အတွက် နှစ်ဂိုးစီ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။