MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-24) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၇ ရက်(ယနေ့) ညနေက ပဒုမ္မာကွင်းတွင် ဇွဲကပင် ယူ-၂၁ အသင်းနှင့် ဧရာဝတီ ယူ-၂၁ အသင်းတို့ ကစားခဲ့ရာ ဧရာဝတီအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ဧရာဝတီအသင်းက တိုက်စစ်ဦးစားပေးပုံစံဖြင့် ဇွဲကပင်အသင်းဘက်သို့ ဖိအားပေးကစားခဲ့ပြီး ဇွဲကပင်အသင်းမှလည်း တန်ပြန်တိုက်စစ်ဖြင့် ဧရာဝတီအသင်းဘက်သို့ အကောင်းဆုံးပြန်လည် ဖိအားပေးကစားနိုင်ခဲ့သည်။နှစ်သင်းစလုံးသည် ဦးဆောင်ဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း ပထမပိုင်းပြီးဆုံးချိန်ထိ ဂိုးရရှိခြင်းမရှိခဲ့ပေ။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင်လည်း နှစ်သင်းစလုံးမှ ဦးဆောင်ဂိုး ရရှိရန် ကြိုးစားခဲ့သည့်အတွက် ပွဲသည် ပထမပိုင်းထက် ပိုမိုမြိုင်ဆိုင်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ဧရာဝတီအသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး အောင်ကိုကိုလွင်က သွင်းယူပေးခဲ့သည်။
ဇွဲကပင်အသင်းသည် ဂိုးရရှိမည့် အခွင့်အရေးအချို့ရခဲ့သော်လည်း အဆုံးသတ်မသေချာမှုများကြောင့် ချေပဂိုးရရှိခဲ့ပေ။ လက်ကျန်မိနစ်များတွင် ဧရာဝတီအသင်းမှ အနိုင်ရလဒ်ထိန်းကစားနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဧရာဝတီ ယူနိုက် တက်အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရခဲ့သည့်အတွက် ၂၃ ပွဲကစားပြီးချိန်တွင် ခြောက်ပွဲ နိုင်၊ လေးပွဲသရေ၊ ၁၃ ပွဲ ရှုံး ရမှတ် ၂၂ မှတ် အဆင့်၁၀ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
စလင်းကွင်းတွင် ကစားခဲ့သည့် မြ၀တီအသင်းနှင့် မကွေးအသင်းတို့ပွဲစဉ်တွင် မြ၀တီအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး TG-1 ကွင်းတွင် ကစားခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် GFA အသင်းတို့ပွဲစဉ်တွင် စစ်ကိုင်းအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ GFA အသင်းကို အနိုင်ရခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်းသည် ၂၀၁၈ ဘောလုံးရာသီအတွက် ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။