စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ဦးဆောင်လမ်းညွန်မှု၊ အားကစားနှင့် ကာာယပညာ ဦးစီးဌာန၏ ပူးပေါင်းပါဝင်မှု၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်သည့် MPT U-14 Football Tournament 2018 (Mon Ywar) ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက မုံရွာမြို့ရှိ တိုင်းအားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ယနေ့ အခမ်းအနားတွင် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အတူ MFF-MPT Grassroots Football Festival 2018 (Mon Ywar) ကိုလည်း တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးအရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ MPT Joint Operation မှ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးမောင်မောင်စိုးနှင့် MPT မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ ကလေးငယ်များ၊ ယူ ၁၄ ပြိုင်ပွဲဝင် ဘောလုံးသမားများ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ဆရာ၊ဆရာမများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ အမှာစကားပြောကြားရာတွင် “ မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လူငယ်ဘောလုံးပွဲတော်များနှင့် အသက် ၁၄ နှစ်အောက်ပြိုင်ပွဲများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၌ ဘောလုံးမျိုးဆက် ပြန့်ပွားရေးကို ဆောင်ရွက်ပေးသည့်အတွက် ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် မိမိနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်း၊ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတိုင်း၌ ယခုကဲ့သို့ လူငယ်ဘောလုံးပြိုင်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း အလားတူ ပြိုင်ပွဲများ စတင်ကျင်းပနေပြီဆိုသည်ကို ယနေ့အခမ်းအနားက သက်သေထူလျက် ရှိပါကြောင်း၊ လူငယ်ပြိုင်ပွဲများစွာ ကျင်းပပေးခြင်းဖြင့် ကလေးငယ်များအကြားတွင် ဘောလုံးအားကစား ပိုမိုစိတ်ပါဝင်စား လာမှာဖြစ်ကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုစေမှာဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ “ ဘောလုံးအားကစားတိုးတက်ရေးအတွက် အခြေခံကျသည့် လူငယ်ပွဲတော်များနှင့် အသက် ၁၄ နှစ်အောက်ပြိုင်ပွဲများကို နိုင်ငံအနှံ့ လိုက်လံဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ အခြေခံလူတန်းစား များပြားသည့် မိမိတို့နိုင်ငံ၌ ဘောလုံးအားကစားဖြင့် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ပါကြောင်း၊ ငွေရှိမှ ဘောလုံးကစားမည်ဆိုသည့် အတွေးအခေါ်အား ဘေးဖယ်၍ ဘောလုံးတစ်လုံးရှိရုံဖြင့် ကျောင်းတိုင်း၌ူကလေးငယ်များ ဘောလုံးကစားနိုင်ရန် မိမိတို့ဘက်မှ ဦးဆောင်ပေးနိုင်ပါကြောင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးရန် လိုအပ်သကဲ့သို့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရန်လည်း အရေးကြီးသည်ကို နားလည်ရမှာဖြစ်ကြောင်း၊ ထို့အတွက် ဆရာ၊ဆရာမများအနေဖြင့် ကလေးငယ်များအား အားပေးတိုက်တွန်းရမှာဖြစ်ကြောင်း၊ သို့သော် ရပ်ကွက်အဆင့်မှသည့် မြို့နယ်ပြိုင်ပွဲအထိ ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် အသက်မှန်ကန်ရေးသည် အထူးပင် အရေးကြီးပါကြောင်း၊ ဆေးပညာထွန်းကားသည့် ယနေ့ခေတ်တွင် အသက်လိမ်လည်မှုများကြောင့် နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းနိုင်သည်ကို သိရှိထားရမှာဖြစ်ကြောင်း၊ ထို့အတွက် အသက်မှန်ကန်ရေးကို ယခုအဆင့်မှ စတင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ Grassroots သင်တန်းတက်ရောက်ခဲ့သည့် ဆရာ၊ဆရာများအနေဖြင့် ကလေးများအား ဘောလုံးပညာ ပြန်လည်ဖြန့်ဝေရာတွင် ဘောလုံးပညာရပ်တစ်ခုတည်းသာ မဟုတ်ဘဲ ကျန်းမာရေးနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အထများကိုပါ သင်ယူပေးရမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှသည့် နိုင်ငံ့လက်ရွေးစင်အတွက် အားကိုးအားထားပြုရသည့် ကစားသမားများ ဖြစ်လာစေရန် ကြိုးပမ်းသွားစေလိုကြောင်းနှင့် ပြိုင်ပွဲကြီး အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ကူညီပါဝင် ဆောင်ရွက်ပေးသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အဓိက မိတ်ဖက်ဖြစ်သည့် MPT ၊ Myanmar Care နှင့် ကူညီပံ့ပိုးပေးကြသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း” ထည့်သွင်းပြောဆိုခဲ့သည်။
ထို့နောက် MPT Joint Operation မှ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဦးမောင်မောင်စိုးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားရာတွင် MPT အနေဖြင့် နိုင်ငံအတွက် ဘောလုံးသမားကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ ပြိုင်ပွဲများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်တို့နှင့် ပူးပေါင်းပါဝင်ခွင့်ရခြင်းအတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ ဘောလုံးအားကစား ဖြစ်သည် မြန်မာတစ်မျိုးသားလုံး မျော်လင့်ချက်ထားသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွှေခေတ်တစ်ဖန် ပြန်လည်ရောက်ရှိရေးအတွက် MPT အနေဖြင့် ယခုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရှိန်အဟုန်မြှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် အဘက်ဘက်မှ ထောက်ပံ့ပေးမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း၊ MPT အနေဖြင့် ဘောလုံးအားကစားဖွံ့ဖြိုးရေး အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ခွင့်ရသည့်အတွက် များစွာ ၀မ်းသာပီတိဖြစ်မိပါကြောင်း၊ “တူညီလှမ်းချီ မျိုးဆက်သစ်တို့အနာဂါတ်ဆီ” ဆိုသော ဆောင်ပုဒ်အတိုင်း မြန်မာပြည်အနှံ့အပြားမှ လူငယ်တိုင်းအတွက်၊ ရွှေရောင်လွှမ်းသော အနာဂတ်အတွက် ထက်သန်သော စိတ်ဓာတ်ဖြင့် အမြဲမပြတ် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲအား တက်ရောက်လာသည့် ဧည့်သည်တော်များမှ ကွင်းအတွင်း ဘောလုံးများ ကန်သွင်း၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဧည့်သည်တော်ကြီးများမှ ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များ၊ ယူ ၁၄ ဘောလုံးပြိုင်ပွဲဝင် ကစားသမားများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကလေးငယ်များ၏ ဘောလုံးပွဲတော် ပွဲဝင်ဆင်နွှဲမှုကို လိုက်လံ အားပေးခဲ့ကြသည်။
MPT U-14 Football Tournament 2018 (Mon Ywar) ပြိုင်ပွဲအပြီးတွင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆက်လက်ကျင်းပသွားရန်ရှိပြီး ပဲခူး၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ တောင်ကြီးနှင့် ရန်ကုန်မြို့များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။