News

MPT U-14 Football Tournament 2018 (Monywa) အတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကစားသမား ၁၃ ဦးကို ပြန်လည် စေလွှတ်ခဲ့ရ

By khtit

August 09, 2018

ကျင်းပလျှက် ရှိနေပြီ ဖြစ်သည့် အသက် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် MPT U-14 Football Tournament 2018 (Monywa) ပြိုင်ပွဲအတွက် အသက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စုစုပေါင်း ကစားသမား ၁၃ ဦးကို အသက်ကျော်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့် အတွက် ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိနေသည့် MPT U-14 Football Tournament များကို မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်း ဖြစ်ရာ အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် ယခု မုံရွာပြိုင်ပွဲတွင် အသက်စစ် အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကစားသမားများ သက်မှန်ကန်ရေးကို ဦးစားပေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသက်စစ် အဖွဲ့ကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ဆေးမှူးချုပ် ဖြစ်သူ ဒေါက်တာ အောင်ကျော်ဦးက ဦးဆောင်ပြီး MPT U-14 Football Tournament 2018 ပြိုင်ပွဲများ၏ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲဝင်းထွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းတို့ ပါဝင်ခဲ့ကြသည်။

အသက် စစ်ဆေးရာတွင် ကနဦးအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူအချို့ကို ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးမှု ပြုလုပ်ရာတွင် စုစုပေါင်း ကစားသမား ၂၄၀ ဦး အနက်မှ သံသယရှိသည့် ကစားသမား ၅၅ ဦးကို ရွေးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အနက်မှ ကစားသမား ၄ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ချိန်မှာပင် အသက်ကျော်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ကာ ကစားသမား ၁၃ ဦးကိုမူ ဓာတ်မှန်ရိုက်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ စစ်ဆေးရာတွင် ကစားသမား ၉ ဦးမှာ အသက်ကျော်နေကြောင်း ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန် ၄ ဦးမှာ အသက်စစ်ဆေးမှုကို အောင်မြင်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် ယခုနှစ်အတွင်း MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို ပဲခူး၊ ပုသိမ်၊ ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင်နှင့် တောင်ကြီး မြို့များတွင် ကျင်းပသွားဦးမည် ဖြစ်ရာ အဆိုပါ ပြိုင်ပွဲများတွင်လည်း ကစားသမားများ အသက်မှန်ကန်ရေးကို အလေးထား စစ်ဆေးသွားမည် ဖြစ်သည်။