ယနေ့ညနေပိုင်းက MPT Myanmar National League (U-19) 2018 Week 21 ပွဲစဉ်တစ်ပွဲအဖြစ် မြ၀တီလူငယ်အသင်းနှင့် မကွေးအက်ဖ်စီလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးအသင်းက နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပဒုမ္မာကွင်း၌ ကျင်းပခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ပထမပိုင်း၌ နှစ်ဖက်အပြန်အလှန် ဂိုးသွင်းခွင့် ရရှိခဲ့ပြီး အဆုံးသတ် မသေချာမှုကြောင့် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် မကွေးအသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး ကျောနံပါတ် (၂၉) အေးမင်းသူ ရယူပေးခဲ့သည်။ မြ၀တီအသင်းသည် ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရသည့်အတွက် တိုက်စစ်ကို ပိုမိုအားပြု ကစားခဲ့သော်လည်း မကွေးအသင်းက ဒုတိယဦးဆောင်ဂိုးကို ၉၀+၂ မိနစ်တွင် ထပ်မံရယူသွားခဲ့သည်။ မကွေးအသင်းအတွက် ဒုတိယဂိုးကို အေးမင်းသူကပင် ရှေ့ထွက်နေသည့် ဂိုးသမားကို ကျော်၍ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြ၀တီအသင်းက ချေပဂိုး ရရှိရေး ဆက်လက်ကြိုးပမ်းခဲ့ပြီး ၉၀+၃ မိနစ်တွင် တိုက်စစ်မှူး ဟိန်းဇေယျာမင်းက တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကို ရယူပေးခဲ့သည်။
အလားတူ မြက်ခင်းတုကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းနှင့် ရခိုင်ယူနိုက်တက်လူငယ်အသင်းတို့ ပွဲစဉ်တွင် ရန်ကုန်အသင်းက ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။