MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-25) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၁၁ ရက်(ယနေ့)ညနေက စမ်းချောင်းမြို့နယ်ရှိ၊ ပဒုမ္မာဘောလုံးကွင်းတွင် ရတနာပုံ ယူ-၂၁ အသင်းနှင့် ရန်ကုန် ယူ-၂၁ အသင်းတို့ ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
ပထမပိုင်းတွင် ရန်ကုန်အသင်းမှ ခံစစ်ဦးစားပေးမှတစ်ဆင့် တန်ပြန်တိုက်စစ်ပုံစံဖြင့် ကစားခဲ့ပြီး ပွဲချိန် ၁၅ မိနစ်တွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို လွှမ်းမိုးဦးက လှလှပပ ကန်သွင်းယူပေးခဲ့သည်။ ပွဲချိန် ၂၂ မိနစ် တွင် ရတနာပုံအသင်းမှ ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး ရဲရင့်အောင်က ပိတ်သွင်းယူခဲ့သည်။ ပထမပိုင်း ပြီးခါနီး မိနစ်များတွင် ရတနာပုံအသင်းမှ ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် ရန်ကုန်အသင်းမှ ကစားပုံမိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးရရှိမည့် အခွင့်အရေးအချို့ ရခဲ့သည်။ သို့သော် ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်းမရှိခဲ့ပေ။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံးမှ ဂိုးထပ်မံမရခဲ့သည့်အတွက် တစ်ဖက် တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။