MPT ယူ-၁၄ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲသို့ ကနီ၊မြောင်၊မုံရွာနှင့် ယင်းမာပင်အသင်းတို့ တက်ရောက် ~ နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် မဲနှိုက်၍ အဆုံးအဖြတ်ရယူခဲ့ရ

August 13, 2018
မုံရွာမြို့တွင် ကျင်းပလျက်ရှိသော MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး မုံရွာ၊ကနီ၊မြောင်နှင့် ဒီပဲယင်း-ယင်းမာပင် အသင်းတို့ အကြိဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။
ယနေ့ယှဉ်ပြိုင်ခဲ့သည့် အုပ်စု(ဂ) နောက်ဆုံးပွဲစဉ်တွင် မြောင်အသင်းက မြင်းမူအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့်တက်ရောက်ခဲ့သည်။
 
ယင်းမာပင်အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် အုပ်စု(ဃ) နောက်ဆုံးပွဲစဉ်တွင် ယင်းမာပင်အသင်းက စစ်ကိုင်းအသင်းကို ငါးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ အုပ်စု(ဃ) ပွဲစဉ်များအပြီးတွင်
ယင်းမာပင်အသင်းနှင့် ဒီပဲယင်းအသင်းတို့မှာ ရမှတ်လေးမှတ်စီ တူညီနေပြီး ရဂိုး၊သွင်းဂိုး၊ ဂိုးကွာခြားချက်များပါ တူညီနေခဲ့သည်။ ထို့အပြင် ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွင်ပါ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ထားခဲ့သဖြင့် အ၀ါ၊အနီ ပြစ်ဒဏ်များအား ထပ်မံ တိုက်ဆိုင်စစ်ဆေးခဲ့ရာ တူညီနေသဖြင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအရ အဆိုပါနှစ်သင်းကို မဲနှိုက်၍ ဆုံးဖြတ်ခဲ့ရသည်။
မဲနှိုက်၍ ဆုံးဖြတ်ရာတွင် ယင်းမာပင်အသင်းက နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရခဲ့ပြီး ဒီပဲယင်းအသင်းက အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
 
အကြိုဗိုလ်လုပွဲစဉ်များကို သြဂုတ်လ ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် ပထမအကြိုဗိုလ်လုပွဲစဉ်အဖြစ် ကနီအသင်းနှင့် မြောင်အသင်း၊ ညနေပိုင်းတွင် ဒုတိယအကြိုဗိုလ်လုပွဲစဉ်အဖြစ် မုံရွာအသင်းနှင့် ယင်းမာပင်အသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
 
အကြိုဗိုလ်လုပွဲစဉ်များ
၁၅-၈-၂၀၁၈
ကနီ-မြောင်(နံနက် ၈း၀၀)
မုံရွာ-ယင်းမာပင်(ညနေ ၃း၃၀)
 
ဗိုလ်လုပွဲစဉ်နှင့် တတိယနေရာလုပွဲ
၁၇-၈-၂၀၁၈