ယခုနှစ်အတွင်း သုံးခုမြောက် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် လူငယ်ဘောလုံးပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

August 14, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်းကျင်းပလျက်ရှိသည့်  MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲများအနက်  သုံးခုမြောက်ပြိုင်ပွဲဖြစ်သည့်  MPT U-14 Football Tournament 2018(Bago) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာဖြင့်  ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး  ၀န်ကြီးချုပ်  ဦးဝင်းသိန်း၏  ဦးဆောင်လမ်းညွန်မှု၊ အားကစားနှင့် ကာာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့၏ ပူးပေါင်းပါဝင်မှု၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်သည့်  အဆိုပါဖွင့်ပွဲအခမ်းအနားကို  ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်အသင်း အိမ်ကွင်း၌  ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ အခမ်းအနားတွင် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အတူ MFF-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်)  ကိုလည်း တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ရာ  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးနိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ်  အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ MPT Joint Operation မှ Chief Operating Officer မစ္စတာဘန်နီနိုစံနှင့် တာဝန်ရှိသူများ၊ Myanmar Care မှ Regional Operating Manager ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ ရွှေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းများ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ကြမည့် ကလေးငယ်များ၊ ယူ ၁၄ ပြိုင်ပွဲဝင် ဘောလုံးသမားများ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ဆရာ၊ဆရာမများ၊ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ  အခမ်းအနားဖွင့်လှစ်ကြေညာပြီးနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းကိုယ်စား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် “ ယနေ့အခမ်းအနားဟာ  မြန်မာ့ဘောလုံးလောကကြီး အတွက် အလွန်အရေးကြီးပြီး  အခြေခံကျတဲ့ အခမ်းအနားလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ လူငယ်ဘောလုံးပွဲတော်နဲ့  MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲကို ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်ကြီးတစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်တဲ့ အခမ်းအနားကြီးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT တို့ ပူးပေါင်းပြီး လူငယ်ဘောလုံးပွဲတော်တွေနဲ့ ယူ ၁၄ ဘောလုံးပြိုင်ပွဲတွေကို ၂၀၁၈ ခုနှစ်ကစပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ အထူးစီမံကိန်းတစ်ရပ်အနေနဲ့ ဖော်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ အခုလို လာရောက်ကျင်းပပေးတဲ့အတွက် ပဲခူးတိုင်းဒေသကြီးအတွက်ရော ဘောလုံးကို ချစ်မြတ်နိုးသူ တစ်ယောက်အနေနဲ့ပါ  ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်။ အခုလို အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ဆိုသည်။

ယင်းနောက်  ၎င်းကပင် ဆက်လက်၍ “ဘောလုံးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ယခုလို လူငယ်ဘောလုံးပွဲတော်နဲ့ သက်တမ်းအလိုက်ပြိုင်ပွဲတွေကို ဆောင်ရွက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။  ကျွန်မတို့နိုင်ငံမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စတင်ဆောင်ရွက်နေပြီဖြစ်သလို ယနေ့အခမ်းအနားကလည်း  သက်သေသာဓက တစ်ခုပဲဖြစ်ပါတယ်။ ဘောလုံးပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပေးခြင်းအားဖြင့် လူငယ်တွေကြားမှာ ဘောလုံးအားကစားနည်းကို ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။  အားကစားပြုလုပ်ခြင်းဖြင့် ကလေးတွေရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကိုလည်း  များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။  ဒါ့အပြင် အနာဂတ်အတွက် အားကိုးအားထားပြုရမယ့်  ဘောလုံးသမားလေးတွေ ဖြစ်လာဖို့ မျှော်လင့်နိုင်မှာလည်းဖြစ်ပါတယ်။ မြန်မာ့ဘောလုံးသမိုင်းမှာ နိုင်ငံအတွက်အားထားရတဲ့ ကစားသမားတွေဟာ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲတွေကနေ ထွက်ပေါ်လာတာ တွေ့ရမှာဖြစ်ပါတယ်။  ပဲခူးတိုင်းဒေသကြီးကနေ  နိုင်ငံအတွက် လက်ရွေးစင်ကစားသမားတွေ မွေးထုတ်ပေးနိုင်တဲ့ အစဉ်အလာကောင်းတွေလည်း ရှိခဲ့ပါတယ်။  ယခုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေအနေနဲ့  မိမိတို့တိုင်းဒေသကြီးအဆင့်သာ မကဘဲ တစ်ချိန်မှာ မြန်မာ့လက်ရွေးစင်အတွက် အားထားရတဲ့ အားကစားသမားတွေဖြစ်လာစေဖို့   ရည်မှန်းချက်ကြီးကြီးထားကာ ကြိုးစားသွားစေလိုပါတယ်။  ပြိုင်ပွဲမှာ မလိုးလားအပ်တဲ့အရာတွေ မဖြစ်ပေါ်စေဖို့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျလေးစားလိုက်နာပြီး ကစားကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့အနေဖြင့်လည်း မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာတိုင်အောင် ပြိုင်ပွဲများများ ကျင်းပပေးနိုင်ပါစေ” ဟု အမှာစကားပြောကြားရာတွင်  ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အမှာစကားပြောကြားရာတွင် “ ယနေ့အခမ်းအနားသို့  အလုပ်မအားလပ်သည့်ကြားမှ တက်ရောက်လာကြတဲ့  ဧည့်သည်တော်များနဲ့ ဂုဏ်သရေရှိလူကြီးမင်းများ၊ ပံ့ပိုးပေးကြတဲ့ MPT၊ Myanmar Care နဲ့ သက်ဆိုင်ရာ စပွန်ဆာများ၊  ဆရာ၊ဆရာမများ၊ နည်းပြ၊အုပ်ချုပ်သူများ၊ ကျောင်းသားမိဘများ၊  ကျောင်းသား၊ကျောင်းသူများနဲ့  ပြိုင်ပွဲဝင် အားကစားသမားများကို  ကျေးဇူးတင်ကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။  ယနေ့အခမ်းအနားကတော့ ၀န်ကြီးဒေါ်ညွန့်ညွန့်အေး  ပြောကြားခဲ့တဲ့အတိုင်း မြန်မာ့ဘောလုံးလောကအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ MPT တို့ ပူးပေါင်းပြီး  ပဲခူးတိုင်းဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုမှာ အထူးစီမံကိန်းတစ်ရပ်အနေနဲ့ ကျင်းပနေတဲ့ အခမ်းအနားများမှ တစ်ခုလည်းဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ တတိယမြောက်ကျင်းပတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။  ပထမဦးဆုံး မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ လူငယ်ဘောလုံးပွဲတော်နဲ့ MPT အသက် ၁၄ နှစ်အောက်ပြိုင်ပွဲတွေကို ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း မော်လမြိုင်၊ စစ်တွေ၊ပုသိမ်၊ ရန်ကုန်၊တောင်ကြီးတို့မှာ ကျင်းပသွားဦးမှာဖြစ်ပါတယ်။ တစ်ကယ်တော့ အမျိုးသားအားကစားနည်းဖြစ်တဲ့ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရပါဘူး။ သက်ဆိုင်ရာဌာနတွေရဲ့ ကူညီပူးပေါင်းပါဝင်မှု၊ သက်ဆိုင်ရာ ဒေသခံကလပ်အသင်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုပါတယ်။ အခုလို ပြိုင်ပွဲကျင်းပနိုင်ဖို့အတွက် အရေးကြီးတဲ့ ငွေကြေးပံ့ပိုးပေးတဲ့ MPT အပါအ၀င် အခြားသော စပွန်ဆာပါတနာတွေရဲ့ ပံ့ပိုးမှု မရှိရင် ဒီလိုပြိုင်ပွဲတွေ ပြုလုပ်လို့ မရပါဘူး။ ဒါ့အပြင် အားကစားကို တစ်ခဲနက်အားပေးကြတဲ့ အခြေခံပညာကျောင်းတွေ၊ အားကစားနှင့် ကာယပညာဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို ကိုယ်စားပြုထားတဲ့ ကလပ်အသင်းပိုင်ရှင်တွေ၊ မြန်မာ့ဘောလုံးဘယ်အခြေအနေပဲရောက်ရောက် တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေလည်း လိုအပ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ဘောလုံးအတွက် အရေးပါတဲ့ ယခုလိုဘောလုံးပွဲတော်တွေ၊ ယူ ၁၄ ဘောလုံးပြိုင်ပွဲတွေကို အောင်မြင်စွာ ကျင်းပပေးနိုင်တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယနေ့ပြောကြားလိုတာက  ဘောလုံးအားကစားနည်းဟာ  အမျိုးသားအားကစားနည်းဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးက အားပေးကြတဲ့ အားကစားနည်းလည်းဖြစ်ပါတယ်။ ဒါကြောင့်  ဘောလုံးအားကစားနည်း အောင်မြင်ဖို့အတွက်ဆိုရင်  နိုင်ငံတော်အစိုးရအပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးပါဝင်မှ ဖြစ်မှာပါ။ အဖွဲ့အစည်းတစ်ခု၊နှစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရနိုင်ပါဘူး။  မြန်မာနိုင်ငံမှာ နံပါတ် ၁ အားကစားနည်းဖြစ်တဲ့ ဘောလုံးအားကစားနည်း တိုးတက်အောင် အစွမ်းကုန်ကြိုးစားနေသလို  နိုင်ငံအသီးသီးကလည်း ဘောလုံးအားကစားတိုးတက်အောင်၊ အောင်မြင်မှုရရှိအောင်  နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်နိုင်ငံတွေကို ရင်ဘောင်တန်းနိုင်ဖို့၊ ကျော်လွှားနိုင်ဖို့ဆိုရင် ယခုထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ စိတ်စေတနာကောင်းကောင်းနဲ့ ဆောင်ရွက်သွားဖို့လိုပါတယ်” ဟု ပြောကြား ခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်ကပင် ဆက်လက်၍ ” ဒီနေ့အခမ်းအနားကျင်းပနိုင်ဖို့အတွက် MPT နဲ့  Myanmar Care ရဲ့ ပံ့ပိုးမှုအပြင် ပူးပေါင်းဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်းထပ်မံ ပြောကြားလိုပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဟံသာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးအောင်မိုးကျော်နဲ့ အသင်းတာဝန်ရှိသူအားလုံးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာနေရှင်နယ်လိဂ်ကိုယ်စား အထူးပင် ကျေးဇူးတင်ပါကြောင်း ထည့်သွင်းပြောကြားလိုပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် သားငယ်သမီးငယ်တွေအနေနဲ့လည်း  ဘောလုံးအပေါ် တစ်ကယ်စိတ်ပါဝင်စားပြီး စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာနဲ့ နည်းပြ၊အုပ်ချုပ်သူဆရာတွေရဲ့ ပြောစကားကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဘောလုံးအားကစားနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ အခြားသော မလိုလားအပ်တဲ့အရာတွေကို မပြုလုပ်ကြဖို့ လိုပါတယ်။ ဒါ့အပြင် ကျောင်းသားတွေဖြစ်တဲ့အတွက် ကျောင်းသင်ခန်းစာတွေ မလစ်ဟင်းဘဲ ဘောလုံးလည်းတော် စာလည်းတော်၍ နိုင်ငံအတွက် အားထားရတဲ့ ကျောင်းသားလူငယ်လေးများဖြစ်အောင် ကြိုးစားကြပါ” ဟု တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက်  MPT Joint Operation မှ Chief Operating Officer မစ္စတာ ဘန်နီနိုစံမှ “ ယနေ့အခမ်းအနားက စင်ပေါ်မှာ နေရာယူနေတဲ့ ကျောင်းသား၊ကျောင်းသူတွေရော ကွင်းထဲမှာ နေရာယူနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေပါ ယနေ့ဟာ  အရေးကြီးတဲ့နေ့တစ်ရက်ဆိုတာ သတိရစေလိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကလေးတွေဟာ  အနာဂတ်မြန်မာ့လက်ရွေးစင် ကစားသမားတွေဖြစ်လာမယ့်သူတွေပဲဖြစ်ပါတယ်။ ဒီအခမ်းအနားဟာ အမှတ်တရရှိစေမယ့် နေ့တစ်ရက်ဖြစ်တဲ့အပြင် နောင်တစ်ချိန်မှာလည်း အမှတ်တရရှိနေမယ့် နေ့လေးလည်းဖြစ်ပါတယ်။ MPT အနေနဲ့ ဘောလုံးအားကစားနည်းတစ်ခုတည်းသာမက  အခြားသော အားကစာနည်းတွေနဲ့အတူ မြန်မာနိုင်ငံက လူငယ်တွေအနာဂတ်အတွက် အမြဲတမ်း စိတ်ဝင်တစ်စားနဲ့ ပါဝင်လှုပ်ရှားနေပါတယ်။ ဒါ့အပြင် လူငယ်တွေကို အထောက်အပံ့ပြုနေတယ်ဆိုတာလည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အထောက်အပံ့ပေးနေတဲ့ သဘောလည်းဖြစ်ပါတယ်။ လူငယ်ဘောလုံးပွဲတော်နဲ့  MPT ဘောလုံးပြိုင်ပွဲဟာ MPT တစ်ခုတည်းသာမကဘဲ ဒီမှာရှိတဲ့ အခြားသော  သက်ဆိုင်ရာတာဝန်ရှိသူတွေ အားလုံးပူးပေါင်းဆောင်ရွက်ကြလို့ အခုလို ခမ်းခမ်းနားနားလေး ဖြစ်ပေါ်လာတာပါ။ အနာဂတ်လူငယ်တွေအတွက် မြှင့်တင်ပေးနေတဲ့ နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့  နည်းပြ၊ဆရာ၊ဆရာမတွေ အပါအ၀င် အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ MPT အနေနဲ့ အခုပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အပေါ်မှာလည်း အထူးပဲ ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံအနာဂတ်အတွက် ယခုကဲ့သို့ အတူတကွကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းက နှုတ်ခွန်းဆက်စကားပြောဆိုခဲ့သည်။

ဆက်လက်ပြီး ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲအား တက်ရောက်လာသည့် ဧည့်သည်တော်များမှ ကွင်းအတွင်း ဘောလုံးများ ကန်သွင်း၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကာ လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ကလေးငယ်များ၊ ယူ ၁၄ ဘောလုံးပြိုင်ပွဲဝင် ကစားသမားများ၊ နည်းပြများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကလေးငယ်များ၏ ဘောလုံးပွဲတော် ပွဲဝင်ဆင်နွှဲမှုကို လိုက်လံ အားပေးခဲ့ကြသည်။

 

ထို့ပြင် ယနေ့ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ MPT မှ ဘောလုံး ၂၅၀နှင့် Myanmar Care မှ ဘောလုံး ၁၀၀ ပေးအပ်လှူဒါန်းခဲ့ရာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး မှ လက်ခံရယူခဲ့သည်။

MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁၄ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပြိုင်ပွဲဝင် ၁၂သင်းကို သုံးသင်း၊ လေးအုပ်စုခွဲက  ကျင်းပသွားမည်ဖြစ်သည်။