ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်အသင်း အိမ်ကွင်း၌ နှစ်ရက်ကြာဖွင့်လှစ်ခဲ့သည့် Grassroots Coaching Coach (လူငယ်ဘောလုံးပွဲတော်နည်းပြသင်တန်း) အတွက် သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက ယင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ Grassroots တာဝန်ခံ ဦးဘုန်းညွန့်ကို၊ မြန်မာနေရှင်နယ်လိဂ် Sponsorship Project Director ဦးသိုက်စံထွန်း၊ Partner and Sponsorship ဖြစ်သည့် MPT JO မှ Department General Manager Mr. Sombat Krairit နှင့် MPT JO မှ Team Manager(Event & Sponsorship) ဒေါ်ခင်သူဇာကျော်တို့ တက်ရောက်ချီးမြှင့်ပေးအပ်ခဲ့သည်။
သင်တန်းသာ ၅၀ ဦး တက်ရောက်ခဲ့သည့် ယင်းသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အတူ MFF-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်) ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“Grassroots သင်တန်းကနေ သင်ယူခဲ့ရသမျှတွေကို မိမိတို့ဒေသတွေမှာ ပြန်လည်အသုံးချပေးစေချင်ပါတယ်။ Grassroots Football Festival(လူငယ်ဘောလုံးပွဲတော်)တွေကိုလည်း မိမိတို့ဒေသတွေမှာ ထပ်မံလုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အကူအညီ တစ်စုံတစ်ရာ လိုအပ်ခဲ့ရင်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တောင်းခံနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီပေးသွားဖို့ရှိပါတယ်။ သင်တန်းသားတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်က သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ယနေ့ကျင်းပခဲ့သည့် လူငယ်ဘောလုံးပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာမူလတန်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော် ပါဝင်ကစားခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် MPT တို့ ပူးပေါင်း၍ နိုင်ငံအနှံ့အပြားမှ ကလေးငယ်များ ကိုယ်လက်လှုပ်ရှားအားကစား၌ ပိုမိုတက်ကြွစာ ပါဝင်လာစေရန်၊ ဘောလုံးအားကစား၌ ၀ါသနာရင့်သန်လာစေရန် နှင့် အခြေခံမှစ၍ စနစ်တကျ သိရှိကစားတတ်စေရန် ရည်ရွယ်ပြီး လူငယ်ဘောလုံးပွဲတော်များကို ကျင်းပပေးနေခြင်းဖြစ်ပါသည်။