စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်၏ ဦးဆောင်လမ်းညွန်မှုဖြင့် သြဂုတ်လ ၇ ရက်မှ ၁၆ ရက်အထိ မုံရွာမြို့တွင် ကျင်းပခဲ့သည့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ကနီယူ၁၄ အသင်းက အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့သည်။
MPT ယူ-၁၄ လူငယ်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို ယနေ့ ညနေပိုင်းက တိုင်းအားကစားကွင်း၌ ကျင်းပခဲ့ပြီး ကနီအသင်းက ယင်းမာပင်အသင်းကို နှစ်ဂိုး၊ဂိုးမရှိဖြင့် အနိုင်ယူပြီး တံခွန်စိုက်ဆုဖလားကြီးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကာ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT ၊ Myanmar Care ၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ မုံရွာဇုန် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးမောင်မောင်စိုးဝင်း၊ တိုင်းစီးပွားရေးတာဝန်ခံ ဦးကျော်ထွေးနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication မန်နေဂျာ ဦးမိုးဇော်၊ ပရီမီယာကော်ဖီ မှ Regional Operation Manager ဦးသန့်ဇင်ဝင်းနှင့် ပရီမီယာမှ တာဝန်ရှိသူများ| ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ ဗိုလ်လုပွဲစဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်လူကြီးများကို အသိအမှတ်ပြု ဆုတံဆပ် ပေးအပ်ခဲ့ရာ အဆိုပါဆုကို မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication Manager ဦးမိုးဇော်မှ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု ရရှိသည့် မုံရွာအသင်းမှ ကျောနံပါတ် ၁၀ ပိုင်သက်ဖြိုးကို ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးမောင်မောင်စိုးဝင်းမှ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ အလယ်တန်း အကောင်းဆုံး ကစားသမားဆုကို မုံရွာအသင်းမှ ကျောနံပါတ် ၇ ထွဋ်အောင်လင်းက ရရှိခဲ့ရာ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ဦးမောင်မောင်စိုးဝင်းကပင် ချီးမြှင့်ပေးခဲ့သည်။
ယခုပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် နောက်တန်းအကောင်းဆုံး ကစားသမားဆုကို ကနီအသင်းမှ ကျောနံပါတ်(၃) အောင်ဘုန်းချစ်မှ ရရှိပြီး အဆိုပါဆုအတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းစီးပွားရေးတာဝန်ခံ ဦးကျော်ထွေးမှ ချီးမြှင့်ပေးခဲ့သည်။
ထို့ အတူ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး ဂိုးသမားဆုကို ကနီအသင်းမှ ကျောနံပါတ်(၂၀) ဝေဖြိုးအောင်က ရရှိပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်နိုင်ဆွေမှ တက်ရောက်ချီးမြှင့်ပေးသည်။
အလားတူ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့သည့် ယင်းမာပင်အသင်းမှ နေမျိုးအောင်အတွက် ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၂၀၀၀၀ ကို ဦးအောင်နိုင်ဆွေကပင် ပေးအပ်ခဲ့သည်။
ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကို ယင်းမာပင်အသင်းမှ လှိုင်ဇင်ဖြိုးက ရရှိခဲ့ရာ အထိမ်းအမှတ်ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃၀၀၀၀ ကို ပရီမီယာကော်ဖီမှ Regional Operation Manager ဦးသန့်ဇင်ဝင်းမှ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး အသန့်ရှင်းဆုံးအသင်းဆုကို ရယူနိုင်ခဲ့သည့် ယင်းမာအသင်းကို ဆုကြေးငွေကျပ် ၂ သိန်း ပေးအပ်ခဲ့ရာ ပရီမီယာမှ ဦးသန့်ဇင်ဝင်းက ဆက်လက်ပေးအပ်ခဲ့သည်။
ထို့အပြင် မုံရွာလူငယ်အသင်းကို ပင်နယ်တီအဆုံးဖြင့် အနိုင်ယူပြီး တတိယနေရာ ရယူနိုင်ခဲ့သည့် မြောင်လူငယ်အသင်းအား တစ်ဦးချင်း ကြေးတံဆိပ်များနှင့် ဆုကြေးငွေ ကျပ် ၃ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုတံဆိပ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီး စီးပွားရေးတာဝန်ခံ ဦးကျော်ထွေးမှ လည်းကောင်း| ဆုကြေးငွေကျပ် ၃ သိန်းကို မြန်မာဘရူဝါရီလီမိတက်မှ Corporate Communication Manager ဦးမိုးဇော်ကလည်းကောင်း ပေးအပ်ခဲ့သည်။
ထို့ နောက် ဒုတိယဆု ရရှိသည့် ယင်းမာပင်အသင်းကို ငွေတံဆိပ်ဆုနှင့်အတူ ဆုကြေးငွေကျပ် ၅ သိန်း ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုတံဆိပ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးမောင်မောင်စိုးဝင်းကလည်းကောင်း| ဆုကြေးငွေကျပ် ၅ သိန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းကလည်းကောင်း ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် ယင်းမာပင်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ရရှိသွားသည့် ကနီအသင်းကို ရွှေတံဆိပ်ဆုနှင့် ချန်ပီယံဆုကြေးငွေကျပ် ၁၀ သိန်းပေးအပ်ခဲ့ရာ .. ဆုတံဆိပ်များကို လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းနှင့် ဆုကြေးငွေကို မြန်မာနေရှင်နယ်လိဂ် စီမံခန့် ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပထမရှိသည့် ကနီအသင်းကို တံခွန်စိုက်ဆုဖလားကြီး ပေးအပ်ချီးမြှင့်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ဒေါက်တာမြင့်နိုင် ကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။
မြန်မာ့ဘောလုံးလောကတိုးတက်ရေးစေအတွက် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုက်လံကျင်းပလျက်ရှိရာ ယခုအခါတွင် မန္တလေးနှင့် မုံရွာမြို့များတွင် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ လက်ရှိတွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကျင်းပလျက်ရှိပြီး ပဲခူးမြို့ပြိုင်ပွဲအပြီးတွင် အနီးစပ်ဆုံးအဖြစ် မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စက်တင်ဘာ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပါသည်။