မြန်မာနေရှင်နယ်လိဂ် ယူ ၁၉ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်

August 18, 2018

အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့်  MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်လူငယ်အသင်းက ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ အမှတ်ပေးပြိုင်ပွဲ၌လည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ရာ နှစ်ကြိမ်ဆက် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့သည့် MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ သြဂုတ်လ ၁၈ ရက်၊ညနေပိုင်းက ရန်ကုန်မြို့၊ ပဒုမ္မာကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဒုတိယဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဝင်၊ ဧရာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးမင်းလှိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ ရှမ်းယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမောင်မောင်အောင်၊ ရှမ်းယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးစိုးနိုင်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Deputy Marketing Director ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲအား အဘက်ဘက်မှ ပံ့ပိုးပေးကြသည့် သက်ဆိုင်ရာ စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ဆုပေးအခမ်းအနား မတိုင်မီ  ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအက်စီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများနှင့်  ချန်ပီယံရှမ်းယူနိုက်တက်အသင်း၊ ဒုတိယဆုရ ရတနာပုံအက်ဖ်စီအသင်း၊ တတိယဆုရ ဆောက်သမ်းမြန်မာအက်ဖ်စီအသင်းတို့မှ ကစားသမားများ ကွင်းအတွင်း အသီးသီး နေရာယူကြသည်။

ယင်းနောက် ပြိုင်ပွဲတွင် တတိယနေရာ ရရှိခဲ့သည့် ဆောက်သမ်းမြန်မာအက်ဖ်စီလူငယ်အသင်းကို ရှမ်းယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးစိုးနိုင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်တို့မှ တစ်ဦးချင်း ကြေးတံဆိပ်ဆုများ ချီးမြှင့်ပေးကာ  တတိယဆုအတွက် ဆုကြေးငွေကျပ်  ၂၅ သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည့် ရတနာပုံအက်ဖ်စီလူငယ်အသင်းကို တစ်ဦးချင်း ငွေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်ရာ အဆိုပါဆုကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် ရှမ်းယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးမောင်မောင်အောင်တို့က တက်ရောက်ချီးမြှင့်ပေးခဲ့ကာ ဆုကြေးငွေ ကျပ်သိန်း ၅၀ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  Deputy Marketing Director ဦးခင်မောင်မြင့်မှ ချီးမြှင့်ပေးသည်။

ဆက်လက်ပြီး MPT Myanmar National League(U-19) 2018 အမှတ်ပေးပေးဘောလုံးပြိုင်ပွဲတွင် နှစ်ရာသီဆက်  ပထမနေရာ ရပ်တည်နိုင်ခဲ့သည့်  ရှမ်းယူနိုက်တက်လူငယ်အသင်းကို တစ်ဦးချင်း ရွှေတံဆိပ်ဆုများနှင့် ဆုကြေးငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပေးသည်။ တစ်ဦးချင်း ရွှေတံဆိပ်ဆုများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဝင်၊ ဧရာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးမင်းလှိုင်မှ ချီးမြှင့်ပေးကာ ဆုကြေးငွေကျပ်သိန်း ၁၀၀ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်က တက်ရောက်ဂုဏ်ပြု ချီးမြှင့်ပေးသည်။

အဆိုပါဆုများ  ချီးမြှင့်မှုအပြီးတွင်  ရှမ်းယူနိုက်တက်အသင်းအား တံခွန်စိုက်ဆုဖလားကြီး  ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌ၊ ရတနာပုံအက်ဖ်စီအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက တက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  ရှမ်းယူနိုက်တက်လူငယ်အသင်းက ရမှတ် ၅၄ မှတ် ရရှိပြီး ဒုတိယနေရာမှ ရတနာပုံအသင်းကို ၂ မှတ်အသာဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရတနာပုံအက်ဖ်စီအသင်းမှာ ဒုတိယနေရာအား ရမှတ် ၅၂ မှတ်ဖြင့် ရယူနိုင်ခဲ့ပြီး တတိယနေရာကို ဆောက်သမ်းမြန်မာလူငယ်အသင်းက ရမှတ် ၄၆ မှတ်ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။