MPT-University Football Tournament 2018 ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆုံးအဖြတ်ပွဲစဉ် တစ်ပွဲအဖြစ် သြဂုတ် ၂၄ ရက်(ယနေ့) ညနေက တက္ကသိုလ်များဘောလုံးကွင်းတွင် အထက်မြန်မာပြည်ဇုန်(အေ)အသင်းနှင့် အောက်မြန်မာပြည်ဇုန်(အေ) အသင်းတို့ ကစားခဲ့ကြရာ အထက်မြန်မာပြည်ဇုန်(အေ)အသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
အောက်မြန်မာပြည်ဇုန်(အေ)အသင်းသည် ပထမပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဘောလုံးကို ကိုင်ကစားခဲ့သော်လည်း ထိရောက်သည့် ဂိုးကန်သွင်းခွင့်များ မရခဲ့ပေ။ အထက်မြန်မာဇုန်(အေ)အသင်းသည် တန်ပြန်တိုက်စစ်မှတစ်ဆင့် ပထမဦးဆောင်ဂိုးနှင့် ဒုတိယဦးဆောင်ဂိုးတို့ကို ပွဲချိန် ၄ မိနစ်နှင့် ၁၇ မိနစ်များတွင် ရရှိခဲ့သည်။ အထက်မြန်မာဇုန်(အေ)အသင်းအတွက် ဦးဆောင်ဂိုးများကို ဇေယျာအောင်နှင့် စိုးမင်းနောင်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် အထက်မြန်မာဇုန်(အေ)အသင်းက အောက်မြန်မာပြည်(ဇုန်)အေ အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင်လည်း အောက်မြန်မာပြည်ဇုန်(အေ)အသင်းမှ ချေပဂိုးများ ပြန်လည်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း အထက်မြန်မာပြည်ဇုန်(အေ)အသင်းကသာ ထိရောက်သည့် ဂိုးကန်သွင်းမှုများရခဲ့သည်။ အထက်မြန်မာပြည်ဇုန်(အေ)အသင်း အတွက် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၆၈ မိနစ်တွင် ဇေယျာအောင်က ထပ်မံသွင်းယူပေးခဲ့သည်။ အထက်မြန်မာပြည်ဇုန်(အေ) အသင်းအတွက် စတုထ္ထဂိုးကို ပွဲချိန် ၉၀+၃ မိနစ်တွင် စိုးမင်းနောင်က ထပ်မံသွင်းယူပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် အထက်မြန်မာပြည်ဇုန်(အေ) အသင်းက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ခဲ့သည်။
သြဂုတ် ၂၇ ၊ တက္ကသိုလ်များဘောလုံးကွင်းတွင် ကစားမည့် ဗိုလ်လုပွဲတွင် အထက်မြန်မာပြည်ဇုန်(အေ)အသင်းသည် အောက်မြန်မာပြည်ဇုန်(ဘီ)အသင်းနှင့် တွေ့ဆုံကစားရမည်ဖြစ်သည်။