MPT U -14 Football Tournament 2018 (Bago) ဘောလုံးပြိုင်ပွဲတွင် တောင်ငူ(ခ)အသင်းဗိုလ်စွဲ

August 24, 2018

ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် MPT U -14 Football Tournament 2018 (Bago) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် တောင်ငူ(ခ)အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၏ လမ်းညွန်ဦးဆောင်မှုဖြင့်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတိှု့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပဲခူးမြို့၊ Grand Royal ကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးကျော်ဆင့်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးတင်အောင်၊ ဦးရဲညွန့်၊ MPT Joint Operation မှ Regional Manager ဦးစိုးစိုး၊ MPT Joint Operation မှ Regional Commercial Leader ဒေါ်သီတာထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာဘရူဝါရီလီမိတက်မှ Regional Operation Manager ဦးကျော်မျိုးအောင်၊ Corporate Communication Manager ဦးမိုးဇော်၊ ပရီမီယာဝဲလ်နက်စ်မှ Operation Manager ဦးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဂုဏ်သရေရှိဧည့်သည်တော်များ၊ ဆရာ၊ဆရာမများ၊ ပရိသတ်များနှင့် စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ရှေ့ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် တောင်ငူ(က)အသင်းနှင့် တောင်ငူ(ခ)အသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ကြပြီး တောင်ငူ(ခ)အသင်းက တောင်ငူ(က)အသင်းကို သုံးဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး တာဝန်ရှိသူများမှ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူကိုင်တွယ်ခဲ့ကြသည့် ဒိုင်လူကြီးများအား အသိအမှတ်ပြု ဆုတံဆိပ်များ၊ ပွဲစဉ်တစ်လျောက် နေရာအလိုက် အကောင်းဆုံး ကစားသမားဆု ရရှိကြသူများနှင့် ပွဲစဉ်တစ်လျောက် အကောင်းဆုံးကစားသမားဆု၊ ပထမ၊ ဒုတိယဆုနှင့် တတိယဆု ရရှိသည့်အသင်းများကို ဆုတံဆိပ်နှင့် ဆုကြေးငွေများ တက်ရောက်ချီးမြှင့်ပေးသည်။

ယခုပြိုင်ပွဲတွင် ပထမဆုကို တောင်ငူ(ခ)အသင်း၊ ဒုတိယဆုကို တောင်ငူ(က)အသင်း၊ တတိယဆုကို ပြည်(ခ)အသင်းတို့က ရယူနိုင်ခဲ့ပြီး ပဲခူးအသင်းမှာ စတုတ္ထဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာနေရှင်နယ်လိဂ်(MNL) နှင့် MPT တို့ ပူပေါင်း၍ MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပလျက်ရှိနေခြင်းဖြစ်သည်။

ယခုအခါ မန္တလေး၊ မုံရွာ၊ ပဲခူးမြို့များတွင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ ဆက်လက်ပြီး မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊တောင်ကြီးနှင့် ရန်ကုန်မြို့များတွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။