အဆင့်မြင့်ပညာဦးစီးဌာနအဆင့် MPT-University Football Tournament 2018 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အထက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းက အောက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ယူပြီး တံခွန်စိုက်ဆုဖလားကြီး ရယူသွားနိုင်ခဲ့သည်။
ယနေ့နံနက်ပိုင်းက သထုံလမ်းရှိ တက္ကသိုလ်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ယင်းပွဲစဉ်တွင် ပွဲအစ ၃ မိနစ်မှာပင် ၀ိုင်းသန္တာမွန်က အထက်မြန်မာပြည်အသင်းအတွက် ဦးဆောင်ဂိုး စတင်ရယူပေးခဲ့သည်။ သို့သော်လည်း ပွဲချိန်ကြာလာသည့်နှင့် အမျှ အောက်မြန်မာပြည်အသင်းက ပြန်လည် ဖိအားပေးကစားနိုင်ခဲ့ပြီး ၁၇၊ ၃၇ မိနစ်များတွင် စိုးစိုးမြင့်နှင့် အေးအေးသက်တို့က ချေပဂိုးနှင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။
ပထမပိုင်းတွင် အောက်မြန်မာပြည်အသင်းက ၂-၁ ဂိုးဖြင့် ပွဲကို ဦးဆောင်နေခဲ့ပြီး အနိုင်ရလဒ်နှင့် နီးစပ်ခဲ့သေးသည်။
သို့သော်လည်း ဒုတိယပိုင်းတွင် အထက်မြန်မာပြည်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ ရရှိရေး ဆက်လက်ဖိအားပေး ကစားခဲ့ရာ ၆၈ မိနစ်တွင် နှင်းဇာနိုက ချေပဂိုးနှင့် ၈၉ မိနစ်တွင် ကြည်ရတနာခင်တို့က အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ပွဲ ပထမပိုင်းတွင် မိမိတို့အသင်း ၁-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း ဒုတိယပိုင်းတွင် စိတ်ဓာတ်မကျဘဲ ပွဲကို အာရုံစူးစိုက်ကစားခဲ့သဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း အထက်မြန်မာပြည် (က)အသင်းနည်းပြချုပ် ဦးကျော်မင်းဦးက ပြောကြားခဲ့သည်။
” အဓိက ပွဲအပေါ် အာရုံစူးစိုက်မှုပါပဲ။ ပထမပိုင်းအပြီးမှာ စိတ်ဓာတ်မကျဖို့ ကစားသမားတွေကို ပြောပြခဲ့တယ်။ ကစားသမားတွေ အနေနဲ့ ကျွန်တော်ပြောတဲ့အတိုင်း ကစားနိုင်ခဲ့တယ်။ ဒါကြောင့်လည်း နိုင်ပွဲရရှိခဲ့တာပါ” ဟု ၎င်းက ပြောသည်။