အဆင့်မြင့်ပညာ ဦးစီးဌာနအဆင့် MPT University Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အောက်မြန်မာပြည်ယူနီဗာစတီ(ခ)အသင်းနှင့် အထက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အောက်မြန်မာပြည်(ခ)အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
အဆိုပါ ပွဲစဉ်အား ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ သထုံလမ်းရှိ တက္ကသိုလ်ကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ပွဲတွင် အထက်မြန်မာပြည်(က)အသင်းက ပွဲချိန် ၁၁ မိနစ်တွင် စိုးမင်းနောင်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ၁၄ မိနစ်တွင် အောက်မြန်မာပြည်အသင်း(ခ)က ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့သည်။ အဆိုပါဂိုးအား အသင်းခေါင်းဆောင် ရဲမင်းဦးက ပင်နယ်တီမှ တစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး အပိုင်အခွင့်အရေးအချို့ ထပ်မံရရှိခဲ့ပြီး အသုံးမချနိုင်ခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး ပွဲမှာလည်း နှစ်ဖက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများဖြင့် ပိုမိုအကြိတ်အနယ်ရှိလာခဲ့သည်။ ပွဲချိန် ၅၂ မိနစ်တွင် အောက်မြန်မာပြည်ယူနီဗာစတီ(ခ) အတွက် အောင်ဆန်းလင်းက ဦးဆောင်ဂိုး ရယူပေးခဲ့သည်။ ထို့နောက် အထက်မြန်မာပြည်(က)အသင်း ချေပဂိုး ပြန်လည် ရရှိရေး ပြန်လည် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးကံခေခဲ့ခြင်းနှင့် အောက်မြန်မာပြည်(ခ)အသင်း ခံစစ်ကစားပုံကောင်းမွန်မှုကြောင့် ဂိုးမရရှိခဲ့ပေ။
အောက်မြန်မာပြည်(ခ)အသင်းအတွက် အနိုင်ရလဒ်သေချာစေမည့်ဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် တိုက်စစ်မှူး သန့်ဇေယျာဝင်းက ရယူပေးခဲ့ခြင်းဖြစ်သည်။
အောက်မြန်မာပြည်အသင်းမှာ ယနေ့ပွဲစဉ်တွင် ရရှိခဲ့သည့် အခွင့်အရေး အပိုင်အသုံးချနိုင်ခဲ့ခြင်းကြောင့် နောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။